သတင်း

နေရပ်ပြန်ခြင်းထက် မြေနေရာတစ်ခုတွင် အခြေချပေးရန် ပူတာအိုရှိ စစ်ရှောင်များတောင်းဆို

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ လုံးစွတ်စစ်ရှောင်များသည် မူလဒေသသို့ ပြန်လည်နေထိုင်ရန် အခက်အခဲရှိနေသဖြင့် မြေနေရာအသစ်သို့ ရွှေ့ပြောင်းအခြေအနေချပေးရန် တောင်းဆိုထားသည်ဟု စစ်ရှောင်များထံမှသိရပါသည်။

မူလဒေသသို့ ပြန်လည်နေထိုင်ရန် လုံခြုံရေးအရ စိုးရိမ်မှုများရှိသောကြောင့် ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC နှင့် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ တင်ပြပေးရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ကို ယခုလဆန်းတွင် စာတင်ထားသည်ဟု စစ်ရှောင်တာဝန်ခံ ဦးဖုန်ထိန် ပြောသည်။

“စစ်ရှောင်အားလုံးက နဂိုမူလ ဒေသကို ပြန်ချင်ကြတယ်။ ဒါပေမယ့် ကျနော်တို့ ပြန်မယ့် လမ်းမှာ လေဆိပ်တစ်ခုဘဲရှိတယ်။ အဲ့ဒီလေဆိပ်မှာက စစ်တပ်က မကြာသေးခင်က စခန်းလာတည်ထားတယ်။ သူတို့က ပြန်ရုတ်ပေးဖို့ အစီအစဉ်မရှိသလိုဘဲ။ အဲ့ဒါကြောင့် စစ်ရှောင်တွေက ဘယ်သူမှ မပြန်ရဲကြတော့ဘူး။ ပြန်ဖို့တော်တော်လည်း ခက်သွားတယ်။ ပြီးရင် အခု နေတဲ့ မြေနေရာကလည်း အသင်းတော်က ဖွံ့ဖြိုးရေးဂေဟာဖြစ်တယ်။ ဒီမှာ ကြာကြာနေလို့မရဘူး”ဟု ပြောဆိုသည်။

လက်ရှိခိုလှုံနေသည့်နေရာသည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ပူတာအိုဇုံနယ်၏ ဖွံ့ဖြိုးရေးဂေဟာဖြစ်ပြီး ထိုနေရာတွင် နေရှည်ခိုလှုံနေခြင်းထက် အခြားမြေနေရာတစ်ခုတွင် ပြန်လည်ထူထောင်ရေးအစီစဉ်အဖြစ် မြေနေရာ စီစဉ်ပေးစေလိုကြောင်း စခန်းတာဝန်ခံ ဦးဖုန်ထိန်မှ ကချင်သတင်းဌာန KNG သို့ပြောသည်။

ထို့အပြင် စစ်ရှောင်ကာလကြာရှည်လာသည်နှင့်အညီ နိုင်ငံတကာကူညီထောက်ပံ့မှုများ လျှော့နည်းလာသဖြင့် အခက်ခဲများ ကြုံတွေ့လာနေကြောင်း ထပ်မံ ပြောဆိုသည်။

အဆိုပါစခန်းရှိ စစ်ရှောင်များမှာ ၂၀၁၃ နှင့် ၂၀၁၅ ခုနှစ်တွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ပြင်းထန်စွာဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပူတာအိုခရိုင်အတွင်း အင်ခါဂါး၊ မပြုံ၊ အင်ဖီဂါး၊ ဖာကန်းယန် စသောကျေးရွာများမှ ထွက်ပြေးလာသူများဖြစ်ကြသည်။

လက်ရှိတွင် စစ်ရှောင် လူဦးရေ ၂၈၀ ကျော်ခန့် ဆက်လက်ခိုလှုံနေဆဲဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button