Covid-19 Reportingသတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်ပိတ်ပြီးနောက် ဆော့လော်မြို့နယ်တွင် ဆန်ဈေးမြင့်တက်

ကချင်ပြည်နယ် ဆော့လော်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ်ပြည်နယ်စပ် ပိတ်လိုက်ပြီးနောက် ဆန် နှင့် စားသောက်ကုန် ဈေးမြင့်တက်မှုအခက်အခဲ ကြုံနေရသည်ဟု သိရသည်။

ဖီမော်၊ ကန်ဖန်ဂိတ်၊ ရှိန်းခေါင် နယ်စပ်ဂိတ်များ၏ တစ်ဖက်တရုတ်နိုင်ငံရှိ တရားဝင်နယ်စပ်ဂိတ်များကို တရုတ်အစိုးရမှ ပိတ်လိုက်သောကြောင့် စားသောက်ကုန်သယ်ယူခွင့်နှင့် လူဖြတ်သန်းသွားလညခွင့်ကို ပိတ်ထားကြောင်း ဆော့လော်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂ ) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူ ပြောသည်။

“အဓိက ဆန်ပြတ်တာပေါ့။ ဒီဒေသတွေက အားလုံးစားသောက်ကုန်တွေကျတော့ တရုတ်ပြည်ဘက်ကိုဘဲ အားကိုးကြတာပေါ့နော်။ ဆန်တွေဆိုလည်း တရုတ်ပြည်ဘက်ကဝယ်တယ်။ တရုတ်ပြည်ဘက်က ခုကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်ဂိတ်တွေ ပိတ်လိုက်တဲ့အတွက် တော်တော်လေးကို အခက်ခဲဖြစ်သွားပါတယ်။ ခုလောလောဆယ်တော့ ဆန်စက်တွေကနေ အကြွေးနဲ့ဝယ်ပြီး ဆန်အိတ်ပေါင်း ၁ထောင်ကျော်ပို့ဖို့ု လုပ်နေပါတယ်။” ဟု ဆော့လော်မြို့နယ် မဲဆန္ဒနယ် အမှတ်၂ မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူ ပြောသည်။

နယ်စပ်ဂိတ် ပိတ်ထားမှု ၁ လခန့်ရှိလာသဖြင့် တရုတ်နယ်စပ်များဖြစ်သည့် ဆော့လော်၊လန်ဆယ်၊ ရှိန်းခေါင်၊ ခေါင်လန်ဖူးဒေသများတွင် ဆန်ဈေး ယခင်ထက်၂ဆ မြင့်တက်နေသည့်တိုင် ဝယ်ရန်ပင် ခက်ခဲနေကြောင်း သိရသည်။

ယင်းဒေသခံများအတွက် နီးစပ်ရာဒေသ၊ မြို့များမှ ဆန်ဝယ်မည်ဆိုသော်လည်း လမ်းများအဆင်မပြေသည့်အပြင် စစ်ဆေးရေးဂိတ်များရှိသည့်အတွက် အဆင်မပြေကြောင်း ပြောသည်။

ထို့ကြောင့် ဆော့လော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူ အာမခံကာ ဆန်အိတ်ပေါင်း ၁ထောင်ကျော် ချေးယူထားသည်ဟု ဆိုသည်။

“သူတို့အတွက် နီးစပ်တဲ့နေရာဆိုပေမယ့် လမ်းတွေကလည်း ရမ်းခက်တယ်။ ဆန်တစ်အိတ်ရောက်ဖို့ မလွယ်ကြဘူး။ ပြီးတော့ လမ်းမှာတွေက လုံခြုံရေးအရ စစ်ဆေးမေးမြန်းတာတွေလည်း ရှိနေတဲ့ချိန်ကျတော့ ရမ်းကို ခက်ခဲပါတယ်။ ခုဒီတစ်ခေါက်တော့ လုံနယ်ဝန်ကြီးက ခွင့်ပြုပေးလိုက်တဲ့အတွက် ဆန်အိတ်ပေါင်း ၁ထောင်ကျော် ပို့ဖို့အဆင်ပြေသွားတယ်။ နောက်တစ်ခေါက် ဆိုရင်တော့ နည်းနည်းခက်မယ့်သဘောရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့လည်း လုံခြုံရေးအရကြောင့် ဆောင်ရွက်တော့ဟုတ်ပါတယ်။ ဒီတစ်ခေါက်တောင် သွားပို့မယ့် ကားနံပါတ်၊ ပြီးတော့ ယာဉ်မောင်းကအစတင်ရတယ်။ နောက်တစ်ခေါက်ကျရင်တော့ လိုင်စင်ပါတဲ့ကားမှ ခွင့်ပြုမယ်လို့ ပြောတယ်။” ဟု ပြောသည်။

ဆန်အိတ်ပေါင်း ၁ထောင်တင်ပို့ရန် စီစဉ်နေပြီး လက်ရှိတွင် ဆော့လော်ဘက်သို့ ဆန်အိတ်ပေါင်း ၄၀၀ သာ ပို့နိုင်သေးကြောင်း သိရသည်။

အိမ်ထောင်စုတစ်စုတွင် ဆန် ၂ အိတ်ခန့် ဝယ်ယူနိုင်မည်ဖြစ်ပြီး လက်ငြင်း မဝယ်နိုင်သူများကိုလည်း အကြွေးဖြင့် ပေးမည်ဟု ဆက်ပြောသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး လူဝင်ကြီးကြပ်ရေးဝန်ကြီးဌာနအား မေးမြန်းကြည့်ရာတွင် “ဝန်ကြီးချုပ်ကိုယ်တိုင် အမြန်ဆုံး ကွင်းဆင်းပြီးတော့ ဆောင်ရွက်ပေးသွားဖို့ရှိပါတယ်။ လက်ရှိ ဆန်ဈေးနူန်း တွေကိုလည်းလျော့ပေးနိုင်အောင် လုပ်ဆောင်ပေးသွားမှာပါ” လူဝင်ကြီးကြပ်ရေးး ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

တရုတ်နိုင်ငံတွင် ပျံနှံနေသော ကိုရိုနာဗိုင်းရပ် နောက်ဆုံးအခြေအနေအရ ကချင်ပြည်ဖြင့် နယ်စပ်ချင်းထိဆက်နေသော တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ရောဂါကူးစက်သူ ၂၀၀ ခန့် ရှိနေဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button