ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်းအင်တာဗျူး

ပထမအကြိမ် နေရပ်ပြန်ပို့မည့်အစီစဉ်တွင် သတ်မှတ်ထားသည့် အိမ်ထောင်စုအရေအတွက်ထက် ပိုများနေ (တွေ့ဆုံမေးမြန်းခြင်း)

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဦးဆောင်ပြီး ကချင်စစ်ရှောင် အိမ်ထောင်စု ၅၀၀ ကို ကချင်ပြည်နယ် ကျေးရွာ ၁၀ ခုတွင် နေရပ်ပြန်ပို့နိုင်ရန် စီစဉ်နေပြီဖြစ်သည်။

ဂျပန်အစိုးရ နိပွန်ဖောင်ဒေးရှင်း ကူညီမှုဖြင့်လုပ်ငန်းဖော်ဆောင်မည်ဖြစ်သော နေရပ်ပြန်ရေးနောက်ဆုံးအခြေအနေကို KBC ဖွံ့ဖြိုးရေးဌာန တာဝန်ခံ ဆရာ ခါးလီကို ကချင်သတင်းဌာန KNG တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ စစ်ပြေးဒုက္ခသည်တွေကို နွေရာသီကျရင် နေရပ်ပြန်ပို့မယ်ဆိုပြီး သတင်းစာရှင်းလင်းထားတာ အခုနောက်ဆုံးအခြေအနေ ဘယ်လိုရှိပြီလဲသိချင်ပါတယ်။
ဖြေ။ ။ အခုမတ်လ မှ စမှာပါ။ ရွှေညောင်ပင်၊ တာလောကြီး၊ ကျောက်စခန်း၊ ဒေါ့ဖုန်းယန် စတဲ့ကျေးရွာတွေက ပြန်မယ့်သူတွေစားရင်းကို စိစစ်နေတယ်။ တကယ်အရင်က အချက်အလက်နဲ့ အခုလက်ရှိအခြေအနေတွေကို စစ်ဆေးနေတဲ့အခြေအနေရောက်နေပြီ။

မေး။ ။ ဒီအစီစဉ်က ကချင်လူသားချင်းစာနာထောက်မှုဖွဲ့ KHCC က ဦးဆောင်လုပ်နေတာလား။
ဖြေ။ ။ KHCC ဆိုတာထက် ဒါကတော့ သီးခြားအဖွဲ့ဖြစ်တဲ့ စစ်ရှောင်တွေရဲ့ ရေရှည်တည်တံ့ရေးအဖြေရအောင် လုပ်နေတာ။

မေး။ ။ ဒါဆိုရင် KHCC မဟုတ်ဘဲ KBC က သီးခြားလုပ်နေတာပေါ့။
ဖြေ။ ။ ဟုတ်တယ်။ ဒါက KBC ရဲ့ လုပ်ဆောင်မှုသာဖြစ်တယ်။ KHCC ရဲ့မူတော့ မဟုတ်ဘူး။

မေး။ ။ မတ်လ ကနေ စမယ့် ဒီ နေရပ်ပြန်ရေး အစီစဉ်မှာ KBC အဖွဲ့ဝင်တွေပဲလား၊ ဒါမှ မဟုတ်တခြား အဖွဲ့တွေကော ပါမှာလား။
ဖြေ။ ။ ပြန်မယ့်စားရင်းထဲမှာတော့ အစုံပါတယ်။ ပြန်ချင်တယ်ဆိုပြီး စားရင်း ထည့်ရင် ရပါတယ်။ KBC အဖွဲ့ဝင်တွေကိုပဲ လက်ခံတာမဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ကျေးရွာတွေမှာ ပြန်ချင်တယ်ဆိုရင် ရတယ်။ ဘာသာရေးခွဲခြားတာမရှိပါ။ တခြား AG ၊ COC ၊ ကတ်သလစ် ဘာသာတို့လည်း ပါဝင်တယ်။

မေး။ ။ အရင်ကကြားဖူးတာက အခုပထမတစ်ခေါက်နေရပ်ပြန်မယ့်စားရင်းမှာ ကျေးရွာ ၁၀ ခုပါတယ်လို့ သိရတယ်။ အခုနောက်ဆုံးအဆင့်မှာကော ကျေးရွာဘယ်လောက်သတ်မှတ်ထားပြီလဲ။
ဖြေ။ ။ အခုလောလောဆယ်က တာလောကြီး၊ ရွှေညောင်ပင်၊ ဒေါ့ဖုန်းယန်၊ ကျောက်စခန်း၊ မိုင်းခေါင်၊ မုန်းဒိန် ပါ၊ နားလုံ၊ အကျဲ စတဲ့ ကျေးရွာတွေပါမယ်။

မေး။ ။ ဒီကျေးရွာတွေကို ဘယ်လိုစံချိန်စံညွန်းပေါ်မှာ ရွေးချယ်ခဲ့တာပါလဲ။
ဖြေ။ ။ KBC ဘက်ကကြည့်ရင်တော့ ဒီကျေးရွာတွေက အခုထိရှိနေတယ်။ တိုက်ပွဲနဲ့ ဝေးနေတယ်။ အုပ်ချုပ်ရေးဌာန ၂ ခု မရောနှောတဲ့ နေရာ ဥပမာ အခုက တပ်မတော်နေရာယူ နောက်တော့ KIA က နေရာပြန်ယူ အဲလိုနေရာတွေ မဟုတ်ဘဲ၊ တစ်ဖက်ဘဲ အုပ်ချုပ်နေတဲ့ နေရာတွေဖြစ်ရမယ်။ ပြီးတော့ တကယ်လည်း နေရပ်ပြန်တဲ့သူတချို့ရှိနေပြီ။ အစအဆုံး ပြန်တည်ဆောက်ယူရမယ့်နေရာတွေမဟုတ်ဘူး။ တာလောကြီးဆို အရင်ကတည်းကလည်း နေကြတယ်။ ၆၀ ရာခိုင်နှုန်းလောက် လူတွေ ရှိနေကြတယ်။ ရွှေညောင်ပင်ဆိုလည်း အဲလိုပဲ။ ဒေါ့ဖုန်းယန်လည်း အားလုံး ပျက်စီးသွားတာမဟုတ်ဘူး။ ဒါပေမယ့်လည်း ပြန်ချင်တဲ့သူရှိမှပါ။ ကျနော်တို့ဘက် စံချိန် စံညွန်းဆိုတာထက် ပြန်မယ့်သူတွေရဲ့ သဘောပေါက်မှုပေါ်ဘဲ မူတည်မယ်။

မေး။ ။ နားလုံ လိုကျေးရွာတွေက KIO ဘက်မှာ ခိုလှုံနေတဲ့သူတွေဖြစ်တယ်။ ဒီတစ်ခေါက်ပြန်မယ့်ထဲမှာ အစိုးရနယ်မြေထဲကလား KIO ဘက်ကကော ပါမှာလား။
ဖြေ။ ။ ဒါကတော့ သူတို့ဘက်က နားလည်သဘောပေါက်မှုပေါ်မှာ မူတည်တယ်။ သူတို့ဘက်က ပြန်ချင်ရင်တော့ ဟိုဘက်က သက်ဆိုင်ရာ စခန်းတာဝန်ခံတွေနဲ့ ညှိနှိုင်းပြီးမှ လုပ်ဆောင်ရမယ့်အခြေအနေတော့ရှိတယ်။ ကျနော်တို့ဘက်တော့ ကူညီလို့ရတယ်ဆိုတော့သဘောပါ။ မပြန်မနေရဆိုတဲ့သဘောမျိုးတော့မဟုတ်ဘူး။ သူတို့ဘက်က ပြန်ချင်တယ်ဆိုမှ သူများတွေလို ပြန်ပြီး ပြန်လည်ထူထောင်ချင်တယ်ဆိုမှပါ။

မေး။ ။ အခု မေလမှ စပြန်မယ်ဆိုတော့ လူကြီး လူငယ် ကလေး အရွယ်စုံပါမယ်။ ဆိုတော့ အခု ဇွန်လမှာ ကလေးတွေ ကျောင်းဖွင့်ချိန်မှီပါ့မလား။
ဖြေ။ ။ တချို့တလေက မမှီလောက်တော့ဘူး။ ဘာလို့ဆိုတော့ အခုမှ စမှာဆိုတော့ ဆောက်လုပ်ရေးအချိန်လည်း ယူရအုန်းမယ်။ အကုန်လုံးတော့ မပြီးလောက်ဘူး။ ပညာရေးနဲ့ ပတ်သက်ပြီးမှလည်း အစိုးရနဲ့ အရမ်းညှိနှိုင်းရအုန်းမယ့် သဘောပါ။ ဒါတွေကိုတော့ ကျနော်တို့ အပိုင်းခွဲပြီးစဉ်းစားပေမယ့် အဲဒီပိုင်းကတော့ အဓိထားမလုပ်နိုင်သေးဘူး။ ဘာပဲဖြစ်ဖြစ် ပညာရေး၊ လျှပ်စစ်မီး၊ လမ်းပန်း ဆက်သွယ်ရေးကိုတော့ အစိုးရတာဝန်ရှိတယ်လို့ ပြောထားတယ်။ ကျနော်တို့ဘက်ကတော့ သူတို့အတွက် နေဖို့၊ စားဖို့ ကို လအနည်းငယ်လောက်ပဲ ထောက်ပံ့အုန်းမှာပါ။ ဆိုတော့ အစိုးရပိုင်းလည်း ရှိပါတယ်။

မေး။ ။ အခု KBC က ဦးဆောင်ပြီး နေရပ်ပြန်ဖို့ စီစဉ်တဲ့အခြေအနေမှာ အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပါဝင်မှု ရာခိုင်နှုန်းဆိုရင် ဘယ်လောက်ရှိမလဲ။
ဖြေ။ ။ ရာခိုင်နှုန်းလိုပြောမယ်ဆိုရင်တော့ခက်တယ်။ အစိုးရကိုတော့ ကျနော်တို့အစီစဉ် သူတို့ကို အသိပေးယုံလောက်ပါပဲ။ ပါဝင်ဖို့ပါက သူတို့အပိုင်းဖြစ်တယ်။ ကျနော်တို့နားလည်တာက နေရပ်ပြန်ရေးမှာ ဘယ်သူဖြစ်ဖြစ် အစိုးရဘက် ဌာနတစ်ခုခုတော့ သိရမယ်။ သူတို့ပါဝင်နိုင်တဲ့အပိုင်းကနေ ပါဝင်ပါလိမ့်မယ်။

မေး။ ။ ဒါဆို မိုင်းရှင်းလင်းရေး ကို ဘယ်လိုလုပ်ကြမလဲ။
ဖြေ။ ။ ကျောက်စခန်းလို နေရာမှာက မသွားရကန့်သတ်နေရာတွေရှိသေးတယ်။ နေရပ်ပြန်တဲ့သူတွေလည်း ရှိနေပြီ။ ဒီလိုအခြေအနေမှာ အစိုးရကို အကြောင်းကြားလိုက်ရင် သူတို့နဲ့ အပိုင်းတစ်ခုအနေနဲ့ ပြန်ပြီး ဆွေးနွေးမယ့် အခြေအနေဖြစ်တယ်။

မေး။ ။ အခုနောက်ဆုံးမှာ နေရပ်ပြန်ဖို့ စားရင်းပေးထားတာ ဘယ်လောက်ရှိပြီလဲ။
ဖြေ။ ။ ပထမအကြိမ် စမ်းသပ်အနေဖြင့် အိမ်ထောင်စု ၅၀၀ လို့ပြောထားပေမယ့် တကယ့်လက်တွေ့မှာတော့ အိမ်ထောင်စု ၁၀၀၀ လောက်က အခုအဆင်သင့်ဖြစ်နေပြီ။ ဒါပေမယ့် ကျနော်တို့က ရထားတဲ့ ထောက်ပံ့ငွေပေါ်မှာဘဲ လုပ်ရမှာဖြစ်တယ်။ ဒါကြောင့် ၂၀၂၀ မှာတော့ အိမ်ထောင်စု ၅၀၀ လောက်ကိုပဲ ပြန်ခိုင်းမယ်။ ဒါကလည်း သူတို့သဘောပါ။ ကျနော်တို့ဘက် တတ်နိုင်တဲ့အတိုင်းအတာကိုပဲ ပြောတာပါ။

မေး။ ။ ဒါကတော့ KBC က ဦးဆောင်တဲ့အပိုင်းပေါ့လေ။  KHCC အနေနဲ့ အစိုးရနဲ့ ပူးပေါင်းပြီး စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဆွေးနွေးနေတာ ဘယ်အခြေအနေရှိပြီလဲ သိချင်ပါတယ်။
ဖြေ။ ။ KHCC နဲ့ အစိုးရဆွေးနွေးနေတာက မူဝါဒ တစ်ခုဖြစ်လာရေးဖြစ်တယ်။ ကျနော်တို့ JST, KHCC တို့ပူးပေါင်းရေးဆွဲထားတဲ့ ကချင်ပြည်နယ်၊ ရှမ်းမြောက်မှာ အသုံးဝင်မယ့် မူဝါဒကို KIO ဆီတင်တဲ့အခါ KIO ဘက်လည်းအတည်ပြုပေးလိုက်တယ်။ ဒါကို အစိုးရဘက် ပြန်ပေးပို့ဖို့ KHCC ကိုတာဝန်ပေးထားပေမယ့် အခုထိ မပို့နိုင်သေးဘူး။ မပို့နိုင်တဲ့အတွင်းမှာ အစိုးရဘက်ကလည်း စခန်းပိတ်သိမ်းရေး မဟာဗျူဟာကို အကောင်ထည်ဖော်လာတာတွေ့ရတယ်။ ဒါပေမယ့် ကျနော်တို့ဘက်ကလည်း မူဝါဒကို မပို့နိုင်သေးတော့ ဘယ်အချက်အပေါ် ဆွေးနွေးမလဲဆိုတာ ပြောဆိုခက်တယ်။ ကျနော်တို့လည်း ဒီလိုအခြေအနေတွေကြားမှာ နေရတာဖြစ်တဲ့အတွက် KHCC အနေနဲ့ အစိုးရနဲ့ အရမ်းဆွေးနွေးအောင်မြင်တာ မရှိသေးဘူး။ ဒါပေမယ့် စစ်ရှောင်တွေကလည်း ကကိုယ့်အစီစဉ်နဲ့ကိုယ် ပြန်နေတာရှိတဲ့အတွက် သူတို့ကို စည်းရုံးဖို့နဲ့ နောက်ကနေ ကူညီပေးဖို့ကတော့ ကိုယ့် သက်ဆိုင်ရာအဖွဲ့တွေကနေပဲ လိုက်လုပ်ပေးနေတယ်။ ဒါကြောင့် စစ်ရှောင်နေရပ်ပြန်ဖို့ KHCC အနေနဲ့ အစိုးရနဲ့ ဆွေးနွေးနေတာရှိသလို၊ တစ်ဖက်မှာလည်း ကိုယ့်သီးသန့်အဖွဲ့ကနေ သီးခြား ကူညီနေတာရှိတယ်။

မေး။ ။ နေရပ်ပြန်မယ့်သူတွေအတွက်ကော၊ စခန်းမှာ ဆက်လက်ခိုလှုံနေဦးမယ့် သူတွေအတွက်ကော ၂၀၂၀ ရှေ့ဆက်သူတို့ ကူညီထောက်ပံ့မှု အခြေအနေတွေက ဘယ်လိုရှိလာမလဲ။
ဖြေ။ ။ ကူညီထောက်ပံ့မှုတွေက ကန့်သတ်ချက်အရမ်းများလာပြီ။ အရင်လို ရဖို့တော့ ခက်လာတယ် ဘယ်နေရာမဆိုပေါ့။ နယ်စပ်ဒေသဖြစ်ဖြစ်၊ အစိုးရ ထိန်းချုပ်နယ်မြေဖြစ်ဖြစ် ထောက်ပံ့မှုတွေက တစ်ရက်ထက် တစ်ရက် နည်းလာတယ်။ ကူညီတဲ့အဖွဲ့တွေကလည်း သူတို့ကို ပိုက်ဆံပေးတဲ့အဖွဲ့တွေဖြတ်လိုက်လို့ ဒီဘက်ကို မကူညီနိုင်တော့ဘူးလို့ ပြောလာတာလည်း ရှိတယ်။

မေး။ ။ ကျေးဇူးတင်ပါတယ်။

Show More

Related Articles

Back to top button