သတင်း

လော်ဝေါ် ဇမ်ဂေါပွဲကို မတ်လကုန်ပိုင်း ဝိုင်းမော်တွင်ပြုလုပ်မည်

လော်ဝေါ်လူမျိုးများ၏ လော်ဝေါ်စာပေ (၄၆) နှစ်ပြည့်နေ့ အထိမ်းအမှတ်နှင့်အတူ မနောကွင်း၊ မနောတိုင်ဖွင့်ပွဲ ရိုးရာဇမ်ဂ​ေါ် (Zam G0″) ကို မတ်လကုန်ပိုင်းတွင် ဝိုင်းမော်မြို့ရှိ လော်ဝေါ်စာပေနဲ့ ရိုးရာယဉ်ကျေးမူတည်ရှိရာ ( ကျောင်ယမ်)ဝင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီဇမ်ဂေါ် (Zam Go”) ပွဲတော်မှာ လော်ဝေါ်လူမျိုးများစာပေရရှိလာတာ (၄၆) နှစ်ပြည့်တဲ့ အထိမ်းအမှတ်အပြင် ခုဆောက်နေတဲ့ မနောကွင်း၊ မနောတိုင်ဖွင့်ပွဲပါ ကျင်းပမှာဖြစ်ပါတယ်။ လူသားတိုင်းဟာ ဘယ်နိုင်ငံမှာမွေးချင်တယ်။ ဘယ်လူမျိုးဖြစ်ချင်တယ်ဆိုပြီး ရွေးချယ်လို့မရပါဘူး။ အဲကြောင့်ဖြစ်တည်နေတဲ့လူမျိုးမှာ သူ့ရိုးရာ၊ သူ့ယဉ်ကျေးမှုရှိကြပါတယ်။ လော်ဝေါ်လူမျိုးဆိုတာလည်း မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးပေါင်း ၁၃၅ မျိုးထဲက တစ်မျိုးဖြစ်ပါတယ်။ ဒီပွဲမှာလည်း မျိုးနွယ်စုဝင်အားလုံးတွေကိုလည်း ဖိတ်မှာဖြစ်တယ်။ အားလုံးကိုလည်း ဖိတ်ခေါ်ပါတယ်။” ဟု လော်ဝေါ်စာပေယဉ်ကျေးမူ အလုပ်အမှုဆောင်၊ မနောတိုင် မနောကွင်းဖြစ်မြောက်ရေး တာဝန်ခံ ကချင်ပြည်နယ် စည်ပင်ဝန်ကြီး Z ခမ်းရယ် (ခ) ဦးနော်လီပြောသည်။

ယခင်က သစ်သားများဖြင့် တည်ဆောက်ထားသော လော်ဝေါ်စာပေယဉ်ကျေးမှုဗိမာန်ကွင်းကို လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်မှ စကာ ကွန်ကရစ်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ထို မနောကွင်း မနောတိုင်ဆောက်လုပ်ရာတွင် ကျပ်သိန်းပေါင်း ၁၂၀၀ ကုန်ကျပြီး၊ သိန်းပေါင်း ၅၀၀ ကို ကချင်ပြည်နယ်အစိုးရမှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လော်ဝေါ်စာပေကို ၁၉၆၇ ခုနှစ်တွင် လော်ဝေါ်ကက်သလစ် ဘုန်းတော်ကြီးတစ်ပါးဖြစ်သူ ဘုန်းတော်ကြီး လုကတ် လဟုန်ဟောင်းလွမ်းမှ ရောမအက္ခရာများဖြင့် တီထွင်ပြုစုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ တီထွင်ပြုစုပေးခဲ့သော စာမူအား အတည်ပြုပေးရန်အတွက် နိုင်ငံတော်သို့ တင်ပြခဲ့ရာ ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာန၊ ပုံနှိပ်သူများ ထုတ်ဝေသူများ ဗဟိုမှတ်ပုံတင်အဖွဲ့မှ ၁၉၇၂ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့ ရက်စွဲပါ စာအမှတ် ၇၁၈/၂၀၇၂ဦး-၄၊ ကင်းလွှတ်ခွင့်အမှတ် ၀၁၈၄၁ ဖြင့် ပုံနှိပ်ထုတ်ဝေ ခွင့်ပြုချက်ရရှိခဲ့သည်။

လက်ရှိတွင် ယင်းစာပေဖြင့် ဓမ္မသီချင်းများ၊ မဂ္ဂဇင်းများ၊ စာစောင်များအားလည်း ရေးသားထုတ်ဝေလျှက်ရှိရာ ၂၀၂၀ မတ်လ ၃၀ ရက်နေ့တွင် လော်ဝေါ်စာပေရရှိလာသည်မှာ (၄၆) နှစ်ပြည့်ပြီဖြစ်သည်။

“လော်ဝေါ်လူမျိုးတွေက ဇမ်ဂေါအက (၃) မျိုးရှိတယ်။ နာရေးတို့မှာ ကတာ ကဘန်တန်ဂေါ (Ka Bang Tang: Go”) နဲ့ ဇမ်ဂေါ (Zam Go”) အက ကကြတယ်။ တန်ဂေါနဲ့ ဇမ်ဂေါကိုကျတော့ သာရေးတွေမှာ ကလေ့ရှိတယ်။ အိမ်သစ်တက် အောင်နိုင်ရေးပွဲမျိုးမှာဆိုတော့ ဂျီဂေါအက (Ji: Go”) ကကြတယ်။ ဒီတစ်ခေါက်ကမဲ့ ဇမ်ဂေါပွဲကတော့ မနောကွင်း၊ မနောတိုင် ဆောက်လုပ်ပြီးစီးတဲ့အတွက်ရယ်၊ ပြီးတော့ လော်ဝေါ်စာပေရရှိတာ (၄၆) နှစ်ပြည့်ဆိုတော့ အောင်နိုင်ရေးမှာကတဲ့ ဂျီဂေါအကဖြစ်တဲ့ ဇမ်ဂေါပွဲတော်ပါဝင်တာဖြစ်တယ်။” ဟု လော်ဝေါ်အနုပညာရှင်များအသင်းအဖွဲ့မှ ဆရာ Z ခမ်းစိန် ပြောသည်။

အဆိုပါ ပွဲတော်တွင် ပထမည လော်ဝေါ် ဂျီဂေါ၊ တန်ဂေါ အက အဖွဲ့လိုက်ယှဉ်ပြိုင်ခြင်း ၊ ဒုတိယည လော်ဝေါ် အိုင်ဒေါ ရွေးချယ်ပြိုင်ပွဲဝင်များမှ WINNER ရွေးချယ်ပွဲ၊ တတိယည လော်ဝေါ်လနတ်သား၊ လနတ်သမီးရွေးချယ်ပွဲများ ပါဝင်မည်ဖြစ်ပြီး အခြား ကချင်မျိုးနွယ်စုဝင်များမှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မူများကကိုလည်း ပါဝင်မည်ဟု သိရသည်။

နေ့အစီစဉ်များအနေဖြင့် ပထမနေ့ လော်ဝေါ်စာပေ (၄၆) နှစ်ပြည့် မနောကွင်း၊ မနောတိုင်ဖွင့်ပွဲဇမ်ဂေါပွဲ ဖြစ်ပြီး ၊ ဒုတိယနေ့တွင် လူငယ်ညီလာခံ၊ တတိယနေ့ လော်ဝေါ်အမျိုးသား ညီလာခံ ပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ကို မတ် ၂၉မှ ဧပြီ ၁ ရက်နေ့ထိ ဝိုင်းမော်မြို့၊ အမှတ် ၃ ရပ်ကွက်ရှိ လော်ဝေါ်စာပေ ယဉ်ကျေးမှုကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button