Covid-19 Reportingသတင်း

တိုင်းရင်းသားတော်လှန်ရေးနယ်မြေတွင် Covid-19 ပူးပေါင်းကာကွယ်ရန် အစိုးရမှအကြောင်းကြား

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထိန်းချုပ်ရာဒေသတွင် အစိုးရအနေဖြင့် COVID-19 ကာကွယ်ထိန်းချူပ်ကုသရေးနှင့် ပတ်သက်ပြီး ညှိ့နှိုင်းပူးပေါင်းရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီးနောက် တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့ထံ ဧပြီလ ၂၈ ရက်နေ့ အကြောင်းကြားစာပို့လိုက်သည်ဟု သိရသည်။

အဆိုပါအဖွဲ့ကို အစိုးရဘက်မှ ဧပြီ ၂၇ ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီး အမျိုးသားရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဒုဉက္ကဌ ၂ ဒေါက်တာတင်မျိုးဝင် ဦးဆောင်သည်ကို တွေ့ရသည်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထံ ပေးပို့သောစာတွင် မိမိတို့ထိန်းချုပ်ရာနယ်မြေအတွင်း Covid-19 သံသယလူနာများတွေ့ရှိပါက ဓါတ်ခွဲနမူနာ ရယူရန် အစိုးရဆေးရုံများသို့ဆက်သွယ်ရန်၊ ပြည်ပမှ နယ်စပ်ဒေသများမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူများအား Quarantine ဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များ စသည်တို့ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်ဟု ဆိုထားသည်။

“လက်နက်ကိုင်အဖွဲ့အစည်းများကို အကြောင်းကြားပေးဖို့ ထုတ်တဲ့စာကို ကျွန်တော်တို့ PCG ကနေမှတစ်ဆင့် အားလုံးကို အကြောင်းကြားစာ ပို့ပေးပြီးပြီ။ ဒါကို လက်ခံမယ် လက်မခံဘူးဆိုတာက သူတို့ရဲ့ခံယူချက်စိတ်နှင့်ဘဲဆိုင်ပြီ။ ဒါပေမဲ့ အစိုးရတွေက စိတ်ရှည်လက်ရှည်နှင့် အတူပူးပေါင်းလုပ်ဆောင်ရအောင်လို့ပြောတဲ့သဘောဖြစ်တယ်။ လက်မခံဘူးဆိုလို့က မကောင်းဘူးပေါ့။ ဒီရောဂါက မမျှော်လင့်ဘဲ ဘယ်နေရာမဆိုဖြစ်လာနိုင်တယ်။ ဖြစ်ခဲ့ရင်က အတူပူးပေါင်းကာကွယ်ရမှာဘဲလေ ကျန်းမာရေးအပိုင်းဆိုတော့ စစ်ရေးမပါဘူးလေ ရောဂါပူးပေါင်းတိုက်ဖျက်ရေးဆိုတော့ လက်မခံစရာအကြောင်းတော့ မပါလောက်ဘူး ကျွန်တော်ကမြင်တယ်” ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ Peace-Talk Creation Group PCG မှ ဦးလမိုင် ဂွမ်ဂျာ မှ ကချင်သတင်းဌာန KNG သို့ ပြောသည်။

PCG မှတဆင့်ပေးပို့လိုက်သော အဖွဲ့များမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများဖြစ်သော “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၊ မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဉ်ီး(PSLF)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချူပ် (ULA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ဖြစ်သည်ဟု သိရသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ Covid-19 ကာကွယ်ထိန်းချူပ်ရေးကော်မတီတာဝန်ခံ ဗိုလ်မှူးကြီး ဟိန်းဝေါမ်ကို မေးမြန်းရာ ယခုလိုပြောသည်။

“စာတော့ရပါပြီ။ ဒါပေမယ့် သူတို့နဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်သွားမလဲဆိုတာကိုတော့ ဆေးနွေးယူရအုန်းမယ်။ ဒါကသူတို့ အကြောင်းကြားတာပဲ ဖြစ်တဲ့အတွက် အခုချက်ချင်းလုပ်တော့မယ်ဆိုတဲ့သဘောတော့ မဟုတ်ဘူးထင်တယ်။” ဟု ဗိုလ်မှူးကြီး ဟိန်းဝေါမ် ပြောသည်။

Covid-19 စတင်ဖြစ်ပွားလာချိန်မှစတင်ပြီး ယနေ့အထိ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများတွင် အရပ်ဖက်အဖွဲ့အစည်းများပါဝင်လာသောကြောင့် တိုင်းရင်းသားတော်လှန်ရေးဒေသများတွင်လည်း လက်တွေ့လုပ်ဆောင်နေဆဲအဖွဲ့များ၏အခန်းကဏ္ဍကို လွမ်းမိုးမှုမပြုလုပ်ရန်လိုအပ်ကြောင်း ထောက်ပြမှုများရှိနေသည်။

“မြန်မာတစ်နိုင်ငံလုံးနှင့်ဆိုင်တဲ့ ကူညီထောက်ပံ့မှုတွေက အစိုးရဆီရောက်နေတယ်။ ဒီအချိန်တိုင်းရင်းသားလက်နက်ကိုင် နယ်မြေဖြစ်လို့ မရောက်ဘူး၊ မပေးဘူးဆိုတာမဟုတ်ဘဲ ဒီအချိန်က အတူတကွပူးပေါင်းဆောင်ရွက်မှုက ပိုအရေးကြီးတယ်။ အခုတော့ ပူးပေါင်းဆောင်ရွက်မှုဆိုရင် သူတို့က သူများရဲ့တာဝန်ကိုပါ သွားလွမ်းမိုးလိုက်သလိုဖြစ်တယ်။ ဒါမျိုးက လက်မခံနိုင်ဘူး ဖြစ်နေတယ်။ ဥပမာ အစိုးရက ပရဟိတဆိုပြီးလုပ်တာက မသင့်တော်ဘူး။ ဘာလို့ဆိုတော့ ပရဟိတဆိုတာ အရပ်ဖက်အဖွဲ့အစည်းဖြစ်တာကြောင့် သူတို့အတွက်လည်း နေရာရှိရမယ်။ အမြဲတမ်းလိုလို အစိုးရဘာမှမလုပ်ခင် သူတို့အရင်စလုပ်တာဖြစ်တယ်။ ဒါကြောင့် တိုင်းရင်းသားနယ်မြေမှာ ဘာလိုအပ်သလဲဆိုတာ ပရဟိတတွေပိုသိတယ်။” ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခေါ်န်ဂျာပြောသည်။

ယနေ့ ဧပြီ ၃၀ ရက် မြန်မာနိုင်ငံ COVID-19 ကူးစက်မှု မှာ ပိုးတွေ့လူနာ ၁၅၀ ၊ ပြန်လည်သက်သာလာသူ ၂၇ ၊ သေဆုံးသူ ၆ယောက် နှင့် ဆေးရုံဆင်းသူ ၁၆ ယောက်ဖြစ်ပြီး စောင့်ကြည့်လူနာမှာ ၃၀၁၈ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

 

Show More

Related Articles

Back to top button