သတင်း

ဝိုင်းမော်မြို့ စာသင်ကျောင်းအနီးတွင် တည်ဆောက်မည့် Mini shopping Mall ကို ဒေသခံတချို့ကန့်ကွက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ရပ်ကွက် (၁)၊ စာသင်ကျောင်းအနီးတွင် တည်ဆောက်မည့် ရုပ်ရှင်ရုံပါဝင်သော Mini Shopping Center ကို ဒေသခံတချို့ကန့်ကွက်နေကြသည်။

ဝိုင်းမော်မြို့ရပ်ကွက်(၁)တွင် တည်ဆောက်မည့် အဆိုပါ Mini Shopping Center အစား လူငယ်ပြုစုပျိုးထောင်ပေးနိုင်မည့် Community Center များကိုသာ အဓိကထားဆောင်ရွက်ပေးသင့်ကြောင်း ဒေသခံ ဦးဉာဏ်ထွန်းက ပြောသည်။

“အခုဒီမှာ လိုအပ်နေတာက လူငယ်တွေကို ပြုစုပျိုးထောင်ပေးတဲ့ စင်တာတွေ လိုအပ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ဝိုင်မော်မြို့ထဲမှာ ဆိုရင် မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေအရမ်းများတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက် ကဆိုရင် မက်တတုံးသောက်တဲ့ လူငယ်တွေဆိုရင် ၂၀၀ လောက်ရှိတယ်။ နောက်တစ်နှစ်မှာ ၄၀၀ ကျော်သွားတယ်။ ဒီနှစ်မှာ ၇၀၀ကျော်ရှိသွားတယ်။ အဲ့ကြောင့် ဒါကိုလျော့ကျသွားအောင် ဘယ်လိုပံ့ပိုးပေးမလဲ။ အခုချိန်မှာ ဒီလိုမျိုးအစီအစဉ်မရှိဘူး။ NGO တွေက သူတို့နိုင်သလောက် လုပ်နေတယ်။ လူငယ်တွေ စွမ်းရည်မြင့်လာအောင် လုပ်ဆောင်ပေးတဲ့ စင်တာတွေ လိုအပ်နေတယ်။ ဒါမျိုးတွေက ပိုပြီး မျှော်လင့်တယ်” ဟု ပြောဆိုသည်။

Mini Shopping Centerနှင့် ရုပ်ရုင်ရုံတည်ဆောက်မည့်နေရာသည် ယခင်က ကျောင်းနယ်မြေဖြစ်ခဲ့သော်လည် နောက်ပိုင်းတွင် ပန်းခြံမြေအဖြစ်တရားဝင်ဖြစ်လာသည့်အတွက် ယခုချိန်လည်း ပန်းခြံမြေနေရာအဖြစ်သာ ရှိစေခြင်ကြောင်း ကန့်ကွက်မှုတွင် ပါဝင်သည့် ဦးစိုင်းဆွန်လျို့က ကချင်သတင်းဌာန KNG ကိုပြောသည်။

“ကျနော်တို့အဓိက ကန့်ကွက်တာက ကျောင်းမြေနေရာကို ကန့်ကွက်တာပါ။ Mini Shopping Center နှင့် ရုပ်ရုင်ရုံ တည်ဆောက်တာကို ကန့်ကွက်တာမဟုတ်ဘူး။ အခုဆောက်လုပ်နေတဲ့ နေရာက အရင်က ကျောင်းပိုင်မြေဖြစ်တယ်။ အဲ့ဒါကို စည်ပင်ပိုင်အဖြစ် ပန်းခြံစီမံကိန်းနဲ့ ဂရမ်ဖောက်လိုက်တာ ဖြစ်တယ်။ စည်ပင်ပိုင်ဆိုပေမယ့် ပုဂ္ဂိလိက တစ်ဦးတစ်ယောက်ကို ဌာရမ်းခြင်းကို လုံးဝသဘော မတူဘူး။ တကယ်တမ်း ပန်းခြံကို နဂိုပကတိအတိုင်းထားရှိမယ်ဆိုရင် သဘောတူတယ်။ ဘာကြောင့်လဲဆိုတော့ ပန်းခြံမြေဆိုတာက အများပြည်သူပိုင်ဖြစ်တယ်။ အဓိက အဲ့ဒါဘဲ” ဟု ပြောသည်။

လက်ရှိ Mini Shopping Center နှင့် ရုပ်ရုင်ရုံ တည်ဆောက်မည့်နေရာသည် အမှတ်(၄) အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် ခြံစည်းရိုးခြား နီးကပ်နေသည်ကို တွေ့ရသည်။

သို့သော်လည်း ဒေသခံတချို့ကန့်ကွက်နေသည့်ကြား မေလ ၁၄ရက်နေ့တွင် အဆိုပါနေရာတွင် စီမံကိန်းတည်ဆောက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့က ပန္နက်ရိုက်သည့်အခမ်းအနားပြုလုပ်ခဲ့သည်။

စီမံကိန်းသည် စတင်အကောင်ထည်ဖော်စဉ်ကတည်းက ဒေသခံများနှင့်ဆွေးနွေးတိုင်ပင်မှု မရှိဘဲ လုပ်ဆောင်လာသည့်အတွက် လက်ရှိတွင်ဒေသခံ ၄၁ ဦးက ကျောင်းမြေနေရာ ပြန်ရရှိဖို့၊ ပန်းခြံနေရာကို နဂိုပကတိအတိုင်း ထားရှိရန်၊ တစ်ဦးပိုင်ကုမ္ပဏီကို ဌာရမ်းခြင်းမပြုရန် စသည့် အချက် ၃ချက်ကို မေလ ၁၂ရက်နေ့က ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ စာတင်ပြ တောင်းဆိုခဲ့ကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။

Shopping Mall တည်ဆောက်မည့် မြေနေရာအကျယ်မှာ အလျားပေ ၁၀၀၊ အနံပေ ၆၀အကျယ်ရှိပြီး ဂင်လွှမ်းကုမ္ပဏီကို တစ်လ ၁၀သိန်း အခွန်ခဖြင့် နှစ် ၃၀ လုပ်ငန်းဆောင်ရွက်ခွင့်ပေးထားကြောင်း စည်ပင်သာယာရေးအဖွဲ့က ပြောသည်။

“တိုးတက်လာသည့်အမျှ မြို့အဂါၤရပ်နဲ့အညီ ပန်းခြံကို တိုးမြင့် ဆောင်ရွက်ဖို့အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာပါ။ အဲ့တော့ ဒေသခံတစ်ချို့က သဘောမတူကြောင်း တိုင်ကြားလာတာရှိတယ်။ သူတို့အနေနဲ့က ခန်မကြီး ဆောက်မယ်ဆိုရင်တော့ သဘောတူတယ်လို့ တိုင်ကြားတယ်။ နောက် ကျောင်းနဲ့နီးတယ်ဆိုပြီး ကန့်ကွက်တာလည်းရှိတယ်။ ပြောရမယ်ဆိုရင် အရင်တုန်းက ပန်းခြံတစ်ခုလုံးကို အရင်တုန်းက ဌားရင် ၂သိန်းဘဲရတယ်။ အခုက တစ်လကို ၁၀သိန်းရမှာ ဖြစ်တယ်။ အဲ့တော့ ဒီဟာရခြင်းဖြင့် မြို့လည်း ဖွံ့ဖြိုးလာမယ်။ စည်ပင်ဝင်ငွေလည်းရမယ်။ ပြည်သူတွေလည်း စိတ်ချမ်းသာစွာ အပန်းဖြေနိုင်မယ်။ ကျောင်းအနှောက်အယှက်မဖြစ်အောင်လည်း သေချားကွပ်ကဲသွားမှာ ဖြစ်တယ်။ မကွပ်ကဲနိုင်စရာလည်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက စည်ပင်ပိုင်နေမြေဖြစ်တဲ့အတွက်” ဟု ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီက ပြောဆိုသည်။

စီမံကိန်းလုပ်ဆောင်နေသည့် မြေနေရာသည် ၁၉၅၂ ခုနှစ်တွင် ကျောင်းမြေနေရာအဖြစ်ရှိခဲ့ပြီး ၁၉၈၉ခုနှစ်တွင် မြို့နယ်ငြိမ်ဝပ်ပိပြားရေးအဖွဲ့မှ ကျောင်းမြေထဲမှ ၂ဧက ကို ပန်းခြံမြေအဖြစ် ခွဲထုတ်ခဲ့ပြီးနောက်၂၀၀၆ ခုနှစ်တွင် စည်ပင်သာယာပိုင်အဖြစ် နှစ် ၃၀ ဂရန် ရရှိခဲ့ကြောင်း သိရသည်။

 

Show More

Related Articles

Back to top button