Covid-19 Reportingသတင်း

Lockdown ဖြေလျှော့ပြီး ၅ ပတ်အကြာမှသာ အခြေခံပညာရေးကျောင်းများ ပြန်ဖွင့်နိုင်မည့်အလားအလာရှိ

တစ်နိုင်ငံလုံးအတိုင်းအတာ Lockdown ဖြေလျှော့ပြီးနောက် စာစစ်ရန်ကျန်ရှိနေသည့် တိုင်းနှင့်ပြည်နယ်များသည် တပတ်အတွင်း အပြီးစစ်ဆေးရမည်ဖြစ်ပြီး ဇူလိုင်လတွင် ကျောင်းဖွင့်နိုင်ရန် စီစဉ်နေကြောင်း ကချင်ပြည်နယ်ပညာရေးရုံးမှ သိရသည်။

ကချင်ပြည်နယ်၏ ၂၀၁၉ -၂၀၂၀ အဖြေလွှာများကိုမူ စစ်ဆေးပြီးစီးကာ အောင်စာရင်း ထုတ်ပြန်ရန်အသင့်ရှိနေပြီဖြစ်သောကြောင့် အခြား တိုင်းနှင့်ပြည်နယ်များကိုသာ စောင့်ဆိုင်းနေရသည်ဟု သိရသည်။

လက်ရှိတွင် မေလ ၃၁ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာ Lockdown သတ်မှတ်ထားသည့်သဖြင့် Lockdown ဖြေလျှော့ပြီး ၅ ပတ်အကြာတွင် ကျောင်းဖွင့်နိုင်အောင် စီစဉ်နေသည်ဟု ပြည်နယ် ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့က ပြောသည်။

“Lockdown ဖြေလျှော့ပြီး စာစစ်ဖို့ကျန်နေသေးတဲ့ တိုင်းနှင့်ပြည်နယ်များ တစ်ပတ်အတွင်း အားလုံးပြီးစီးအောင် စစ်ဆေးပေးရမယ်။ စစ်ဆေးပြီးတာနှင့် အောင်စာရင်းထုတ်ပြန်မှုတွေ လုပ်ရအုံးမယ်။ အဲ့ဒါတွေအားလုံးပြီးမှ ကျောင်းအပ်နှံရေး ခါတိုင်းလို သတင်းပတ် အချိန်ယူတာနှင့် ကျောင်းဖွင့်ချိန်က ဇူလိုင်လ မှာ ဖြစ်သွားမယ်လို့ ခန့်မှန်းထားပါတယ်။” ဟု ပြောသည်။

ကျောင်းပြန်ဖွင့်မည်ဆိုသော်လည်း Social Distancing ကြောင့် ထိုင်ခုံနှင့် စာရေးခုံ စားပွဲအခက်အခဲများစွာ ရှိလာနိုင်သည့်အပြင် လက်ဆေးရန် ရေရရှိရေးအပိုင်းတွင် စီစဉ်နေရကြောင်း ထပ်မံ ပြောဆိုသည်။

လက်ရှိအချိန်ထိ covid-19 ကြောင့် လွန်ခဲ့သောစာသင်နှစ်၏ အဖြေလွှာများကို စစ်ဆေးမှု မပြီးသေးသည့်အပြင် အောင်စာရင်းများကို ထုတ်ပြန်နိုင်ခြင်းမရှိသေးသည်ကိုလည်း တွေ့ရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ မေလ ၁၈ ရက် နံနက် ၇နာရီခွဲ ထုတ်ပြန်ချက်အရ ပိုးတွေ့ရှိသူ ၃ ဦးထပ်တိုးလာသည့်အတွက် မြန်မာပြည်တွင် ယနေ့အထိ ပိုးတွေ့ရှိသူ စုစုပေါင်း ၁၈၇ ဦးရှိပြီ ဖြစ်သည်။

 

Show More

Related Articles

Back to top button