Covid-19 Reportingသတင်း

ကချင်ပြည်နယ်တွင် Covid-19 စမ်းသပ်မည့်စက် မထားနိုင်သေး

ကချင်ပြည်နယ်တွင် Covid-19 ရောဂါပိုး ရှိ မရှိ စမ်းသပ်သည့်စက်ကို ထားရှိနိုင်မည် မဟုတ်သေးကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်း ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်စသည့် ဒေသများတွင် Covid-19 ရောဂါရှိမရှိ စမ်းသပ်နိုင်ရန် ဓါတ်ခွဲခန်းများပြင်ဆင်နေပြီဖြစ်သော်လည်း ကချင်ပြည်နယ်တွင် ဓါတ်ခွဲခန်းနှင့်ပညာရှင်များစွာလိုအပ်နေသည့်အတွက် ရောဂါးပိုးစစ်ဆေးနိုင်မည့်စက်ကို ထားမည်မဟုတ်သေးကြောင်း ပြည်နယ် ညွန်ကြားရေးမှုး ဦးဇော်ဇော်က ပြောသည်။

“Covid-19 ရောဂါရှိမရှိ စစ်ဆေးလို့ရတဲ့စက်တွေကိုထားဖို့အတွက် ကျနော်တို့အစိုးရအဖွဲ့နဲ့ ပြည်နယ်ကျန်းမာရေးအဖွဲ့ တွေ့ဆုံပြီး ဆွေးနွေးခဲ့သေးတယ်။ ဒါပေမယ့် ပြည်နယ်ကျန်းမာရေးရဲ့တင်ပြချက်အရ ဓါတ်ခွဲခန်းထားဖို့ အဆင့်အဆင့်မြင့်မြင့်ထားရမယ်။ အဓိကတော့ ဇီဝလုံခြုံမူလို့ပြောတယ်။ ဇီဝလုံခြုံမူဆိုတာက Positive ရှိနိုင်တဲ့လူရဲ့Soal လည်းဖြစ်နိုင်တယ်။ Negative ရှိတဲ့လူရဲ့Soalလည်း ဖြစ်နိုင်တယ်။ အဲမှာဇီဝလုံခြုံမူမရှိရင် ပြန့်သွားနိုင်တယ်။ ဒါအကုန်လုံးကိုထိခိုက်သွားနိုင်တယ်။” ဟု ပြောသည်။

မြစ်ကြီးနားပြည်သူ့ဆေးရုံးတွင် ၄ ထပ်ဆောင် ဆေးရုံအသစ်ဆောက်လုပ်ချိန် ဓါတ်ခွဲခန်းပြုလုပ်ရန် ရည်မှန်းခဲ့သော်လည်း covid အတွက်ဓါတ်ခွဲခန်းပြီးစီးရန်အချိန် ၆လမှ ၁၀ လအထိ ကြာမြင့်မည်ဖြစ်သောကြောင့် မလုပ်ဖြစ်ခဲ့ကြောင်း သူက ထပ်မံပြောဆိုသည်။

ကချင်ပြည်နယ်သည် Covid-19 ရောဂါစတင်ပြန့်ပွားခဲ့သော တရုတ်နိုင်ငံဖြင့် အိမ်နီးချင်းချင်းဖြစ်သောကြောင့် ယခုနှစ်ဆန်းကပင် ရောဂါရှာဖွေရေးစက်ကြီးကို တပ်ဆင်ရန် ကချင်လူထုဘက်မှ တိုက်တွန်းမှုများ ရှိခဲ့သည်။

Covid-19 ရောဂါပိုးရှိ မရှိစမ်းသပ်စစ်ဆေးနိုင်မည့်စက်များကို ကချင်ပြည်နယ်တွင်ထားရှိရန် ပရဟိတအဖွဲ့အစည်းများက ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေမူများရှိခဲ့ကြောင်း အထက်တန်းရှေ့နေ ဦးခွန်မြတ်မင်းအောင်က ပြောသည်။

“အမှန်တစ်ကယ်တော့ လွန်ခဲ့တဲ့လလောက်ကတည်းက ကျနော်တို့သိရတာက ရန်ကုန်ကနေ လုပ်ငန်းရှင်တစ်ချို့က ကချင်ပြည်နယ်အတွက်ကို စက်လှူမယ်ဆိုပြီး ပြောထားပြီးသားရှိတယ်လို့ ကျနော်တို့သိရတယ်။ အစိုးရအဖွဲ့က လက်မခံလိုက်ဘူးပေါ့။ ကျနော်တို့သိရတာက စက်တော့ရှိမယ်။ ဒါပေမယ့်စက်ကိုကိုင်သွယ်ပေးမယ့် ပညာရှင်မရှိဘူး ဖြစ်နေတာပေါ့နော်။ အဲဒါကြောင့်အစိုးရကလက်မခံလိုက်ဘူးသိရတယ်။ အဲတော့ကျနော်တို့အဖွဲ့က ထပ်ပြီးလူပ်ရှားတယ်။ ကျနော်တို့ပရဟိတအဖွဲ့အနေနဲလက်ခံပြီးမှ ဆေးရုံကြီးနဲ့ချိတ်ဆက်ပြီးတော့လုပ်မယ်ဆိုပြီး ကျနော်တို့လုပ်ပါသေးတယ်။ အကြောင်းအမျိုးမျိုးကြောင့်မဖြစ်လိုက်ဘူး။ စက်
ရှိရင်တော့ကောင်းတာပေါ့။ ကျနော်တို့စဉ်းစားတာကတော့ စက်ရှိလာရင်တော့ပညာရှင်က သူ့အလိုလိုထွက်လာလိမ့်မယ်လို့ မျှော်လင့်တယ်။” ဟု အထက်တန်းရှေ့နေ ဦးခွန်မြတ်မင်းအောင်က ပြောသည်။

Covid ကာလတစ်လျှောက်လုံး ကချင်ပြည်နယ် နယ်စပ်ဂိတ်များကို အပြီးတိုင်ပိတ်ခြင်းမရှိခဲ့သည့်အတွက် ကချင်လူထုက စိုးရိမ်မှုများ ရှိနေခဲ့သည်။

မြန်မာပြည်အတွင်း နယ်စပ်ပြည်နယ်များတွင် Covid-19 စစ်ဆေးနိုင်သည့်စက်များကို အစိုးရက စီမံချက်ဖြင့် စနစ်တကျ ညီတူညီမျှ ထားရှိသင့်ကြောင်း နှင့် ပြည်တော်ပြန်များကိုလည်း နယ်စပ်များတွင်သာ Qurantine ဝင်ပြီးမှ သက်ဆိုင်ရာပြည်နယ်များကို ဖြတ်ကျော်ခွင့်ပြုသင့်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဥက္ကဌ ဒေါက်တာ မနမ်တူးဂျာက သုံးသပ်ပြောဆိုသည်။

ကချင်ပြည်နယ်တွင်ပေါ်ထွက်ခဲ့သော တစ်ဦးတည်းသော Covid-19 ပိုးတွေ့လူနာအမှတ်စဉ် ၁၄၄ ၏ ဓါတ်ခွဲအဖြေကိုလည်း ရန်ကုန်ဓါတ်ခွဲခန်းသို့ပေးပို့ပြီးမှသာသိရှိခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၂ရက်နေ့ထိ ကချင်ပြည်နယ်တွင် ဓါတ်ခွဲနမူနာပေါင်း (၁၅၃၁)ဦးပေးပို့ခဲ့ပြီး၊ ပိုးမတွေ့ရှိသူ စုစုပေါင်း(၁၃၇၂)ဦး ရှိခဲ့ပြီး ပိုးတွေ့လူနာတစ်ဦးရှိခဲ့သည်။

လက်ရှိချိန် ဓါတ်ခွဲနမူနာစောင့်ဆိုင်းသူ အရေတွက်မှာ (၁၅၈) ဦးရှိကြောင်း ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Show More

Related Articles

Back to top button