ရွေးကောက်ပွဲဆိုင်ရာသတင်း

ဖားကန့်တွင် ၂၀၂၀ ခုနှစ် မဲပေးမည့်စာရင်းသည် ၂၀၁၅ ခုနှစ်စာရင်းထက် လူဦးရေ ထက်ဝက်ခန့်တိုး

ဖားကန့်မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲပေးနိုင်မည့် လူဦးရေသည် ၂၀၁၅ ရွေးကောက်ပွဲထက် လူဦးရေ ထက်ဝက်ခန့်တိုးလာကြောင်း ဖားကန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

လွန်ခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်တစ်ခုလုံး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ၈၉၄၈၈ ရှိခဲ့သော်လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ဦးရေ ၁သိန်း ၈သောင်းကျော်ရှိပြီဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ကျော်သူ က ပြောသည်။

“လောလောဆယ် ကျနော်တို့စာရင်းတော့မပိတ်သေးဘူး။ သို့သော်ငြားလည်း ဘယ်လိုအခြေနေရှိလဲဆိုတော့ တစ်ချို့မဲဆန္ဒရှင်တွေက မဲစာရင်းကိုသွားမကြည့်ကြဘူး။ အဲလိုသွားမကြည့်ကြတော့ မဲ စာရင်းမှာပါမှန်းမသိ မပါမှန်းမသိ အဲတော့ ပြန်ပြန်ပြီးလျှောက်ခဲ့တာတွေရှိတယ်။ အဲကြောင့် တစ်ချို့မဲစာရင်းတွေက ထပ်တယ်။ အဲတော့ ကျနော်တို့က မဲစာရင်းကိုပြန်စစ် မဲစာရင်းမှာမပါဘူး။ သေချာပြီ ရွေးကောက်ပွဲဥပဒေပြဌာန်းချက်နဲ့ကိုက်ညီပြီဆိုမှ မဲစာရင်းထဲကိုထည့်မယ်။ အဲတော့ ခုစီစစ်ဆဲကာလဖြစ်တဲ့အတွက် တိတိကျကျတော့ မသိရသေးပါဘူး။ လောလောဆယ်တော့ အကြမ်းအားဖြင့်တော့ ၁သိန်း ၈သောင်းကျော်ရှိတယ်။” ဟု ဖားကန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးအောင်ကျော်သူကပြောသည်။

မဲစာရင်းနောက်ဆုံးအကြိမ် ကြေညာပြီးချိန်တွင် ဖားကန့်မြို့နယ်တွင် ပုံစံ (၃-က)ဖြင့် လာရောက်လျှောက်ထားသူ ၇ ထောင်ကျော်ရှိနေသည့်အတွက် မဲစာရင်းအား တိတိကျကျ ပြောဆိုရန်ခက်ခဲနေသေးကြောင်း ၎င်းကဆက်ပြောသည်။

ဖားကန့်မြို့နယ်တွင် မဲစာရင်းထက်ဝက်ခန့်တိုးလာခြင်းနဲ့ပတ်သက်ပြီး ကချင်အမျိုးသားကွန်ကရက်ပါတီ KNC မှ ပြည်နယ်လွှတ်တော် ကိုယ်သားလှယ်လောင်း ဦး ဂျန်မာနောင်လတ် က ယခုလိုသုံးသပ်ပြောဆိုသည်။

“ဖားကန့်မှာ မဲထည့်ခွင့်ရှိသည့် ဌာနေလူထုတွေက ကျနော်သိရသလောက် ၃သောင်းလောက်ဘဲရှိတယ်။ ဒီရွှေ့ပြောင်းကိစ္စက ကြံံ့ခိုင်ရေးအစိုးရက ၂၀၂၀လုပ်လာတယ်။ အဲဒါကို NLD ကလည်း အလိုက်သိ သူတို့မဲရဖို့ ကျနော်တို့ KNC တွေ ဒီလောက်ထိကန့်ကွက်နေတဲ့ကြားထဲကကို အတည်ပြုဖြစ်အောင်ပြုပေးတယ်။ ဆိုတော့ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်ခြင်း ခံနေရတယ်လေ။ တိုင်းရင်းဒေသမှာ ဒီရွှေ့ပြောင်းက လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။” ဟု ကချင်အမျိုးသားကွန်ကရက်ပါတီမှ ကိုယ်စားလှယ်လောင်း ဦးဂျန်မာနောင်လတ်ကပြောသည်။

ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် မြန်မာတစ်နိုင်ငံလုံးမှ ရေမဆေးလုပ်သားများ၊ ရွှေ့ပြောင်းလုပ်သားများ ၄ သိန်းခန့်ရှိကြောင်းလည်း အရပ်ဘက်အဖွဲ့စည်းများ၏ စစ်တမ်းအရသိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံသားများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် မိမိရောက်ရာဒေသတွင် ရက်ပေါင်း ၁၈၀ နေထိုင်သူသည် မဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ရက်ပေါင်း ၉၀ သို့ လျှော့ချလိုက်သည့်အတွက် တိုင်းရင်းသားဒေသများတွင် ရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်ပြီး ကန့်ကွက်မူများရှိခဲ့သည်။

ဖားကန့်မြို့နယ် မဲစာရင်းပြုစုရာတွင် အခြားမြို့နယ်များကဲ့သို့ စစ်ရှောင်၊ တပ်မဲစာရင်း၊ အရပ်သားမဲစာရင်း စသဖြင့် သီးခြားပြုစုထားခြင်းမရှိသည့်အတွက် လာမည့် ရွေးကောက်ပွဲမဲစာရင်းတွင် မဲစာရင်းများအား စုပေါင်းပြုစုထားကြောင်း ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးအောင်ကျော်သူက ယခုလိုပြောသည်။

“လွတ်လွတ်လပ်လပ်နဲ့ မဲပေးနိုင်ဖို့အတွက်ဘဲ အဓိကဖော်ဆောင်တာဖြစ်တဲ့အတွက် စစ်သားဘယ်နှစ်ယောက်၊ စစ်ရှောင်ဘယ်နှစ်ယောက်၊ အရပ်သား ဘယ်နှစ်ယောက်ဆိုပြီး သီးသန့်ခွဲထားတာမရှိဘူး။ သူတို့ရဲ့သတ်မှတ်ထားတဲ့ မဲရုံမှာဘဲ ဦးဘယ်သူ၊ ဒေါ်ဘယ်သူနဲ့ဘဲအားလုံးရောထားတာဖြစ်တဲ့အတွက် သီးခြားပြုစုတာမရှိပါဘူး။” ဟု ဖားကန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးအောင်ကျော်သူက ပြောသည်။

မဲထည့်ခွင့် လူဦးရေ ၁သိန်း ၈သောင်းကျော်ရှိသည့် ဖားကန့်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ ၆ ပါတီ မှ ကိုယ်စားလှယ်လောင်း ၂၂ ဦးနှင့်တစ်သီးပုဂ္ဂလ တစ်ဦး စုစုပေါင်း ၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မဲရုံပေါင်းလက်ရှိချိန်ထိ ၁၀၄ ရုံလျာထားကြောင်း ၎င်းကဆက်ပြောသည်။

ဖားကန့်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများသည် ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)၊ ကချင်အမျိုးသားကွန်ကရက်ပါတီ(KNC)၊ ညီညွှွတ်သောဒီမိုကရက်တစ်ပါတီ(UDP)၊ ပြည်ထောင်စုကြံံံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ(USDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ တိုင်းလိုင်ရှမ်းနီအမျိုးသားများဖွံံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) စသည့် ပါတီ ၆ပါတီနှင့် တစ်သီးပုဂ္ဂလ တစ်ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာန မှ သိရသည်။

ကချင်ပြည်နယ်တွင် တစ်ပြည်နယ်လုံးတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၉ပါတီရှိကာ မဲရုံပေါင်း ၉၁၀ ရှိပြီး လူဦးရေ ၁၁သိန်းနီးပါး ရှိသည်။

Show More

Related Articles

Back to top button