ရွေးကောက်ပွဲဆိုင်ရာသတင်း

Quarantine ကန့်သတ်ခံရသူများ ကြိုတင်မဲပေးနိုင်

နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်အထိ Covid-19 ကြောင့် အသွားအလာကန့်သတ် ခံထားရသူများအနေဖြင့် ကြိုတင်မဲပေးနိုင်ကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

အသွားအလာကန့်သတ်ခံထားရသော မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးခွင့်ဆုံးရူံးမူမရှိစေရန်တွက် သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်များအနေဖြင့် မိမိသက်ဆိုင်ရာ Quarantine နေရာများတွင် အောက်တိုဘာလ ၈ရက်နေ့မှ ၁၄ ရက်နေ့ထိ စာရင်းလိုက်လံပြုစုနေပြီဖြစ်ကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)၏ အောက်တိုဘာလ ၁၀ ရက်နေ့ ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ Talk show အစီစဉ်မှ သိရသည်။

“ကျနော်တို့ စာရင်းလိုက်လံပြုစုတဲ့ချိန်မှာ ၂မျိုးတွေ့နိုင်ပါတယ်။ တစ်မျိုးက မဲဆန္ဒနယ်တွင်းမဲဆန္ဒရှင်များနဲ့ မဲဆန္ဒနယ်ပြင်ပက မဲဆန္ဒရှင်များ ဆိုပြီးတွေ့နိုင်တယ်။ မဲဆန္ဒနယ်တွင်းက Quarantine ဝင်နေသူများကတော့ မိမိ Quarantine ဝင်နေတဲ့မဲဆန္ဒနယ်မှ သက်ဆိုင်ရာရပ်ကျေး၊ ကျေးရွာကော်မရှင်အဖွဲ့ကနေပြီး ရွေးကောက်ပွဲမတိုင်မီ ၂ရက်အလိုမှာ လူ၂ ဦး စေလွှတ်ပြီးမှ ကြိုတင်မဲယူပေးမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မဲဆန္ဒနယ်ပြင်ပကဆိုရင်တော့ ပုံစံ (၁၅)ထုတ်ပေးပြီးတော့ သူတို့ရဲ့ကိုယ်ရေးအချက်လက်တွေဖြည့်ခိုင်းပါမယ်။ ပြီးတော့သူတို့နေထိုင်တဲ့ မြို့နယ်သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ အသွားအလာကန့်သတ်ထားတဲ့နေရာ (သို့မဟုတ်) မြို့နယ်အတွင်း ကြိုတင်မဲပေးနိုင်ရေးအတွက် Quarantine စခန်းတာဝန်ခံများက စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။” ဟု အရာရှိ ဦးထွန်းအောင်ခိုင်က အဆိုပါ Talk Show အစီစဉ်တွင် ပြောဆိုခဲ့သည်။

မဲဆန္ဒနယ် ပြင်ပမှ မဲဆန္ဒရှင်များ၏ ကိုယ်ရေးအချက်လက်များအား ၎င်းတို့နေထိုင်ရာဒေသတွင် မဲစာရင်းပါရှိမူ ရှိမရှိ သိရှိနိုင်ရန် ကိုယ်ရေးအချက်လက်များအား ၎င်းတို့ဖြည့်စွက်ထားသည့် လိပ်စာအတိုင်းပေးပို့မည်ဖြစ်ကာ အပြန်လှန်ချိတ်ဆက်ဆောင်ရွက်ပြီးနောက် အချက်လက်မှန်ကန်တိကျပါက အောက်တိုဘာ ၂၈ ရက်နေ့မှ ၃၁ ရက်တွင်း ကြိုတင်မဲပေးရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ကချင်ပြည်နယ်တွင် လက်ရှိချိန်ထိ Quarantine စခန်းပေါင်း ၆၅၈ ခုရှိပြီး အောက်တိုဘာလ ၁၅ ရက်နေ့ထိ အသွားလာကန့်သတ်ထားသူ ၃၂၈၂ ရှိကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရသိရသည်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် အောက်တိုဘာလ ၁၅ ရက်နေ့ထိ ပိုးတွေ့လူနာပေါင်း ၈၁ ဦးရှိခဲ့ပြီး ၎င်းတို့ထဲမှ ပိုးတွေ့လူနာအများဆုံးသည် ဖားကန့်မှ ၅၃ဦး ဖြစ်သည်။

ထို့ကြောင့် ကချင်ပြည်နယ်အစိုးရမှလည်း ဖားကန့်မြို့နယ်တွင်းရှိ ရပ်ကွက်ကျေးရွာအချို့အား Stay at Home သတ်မှတ်ထားကာ ပြည်သူများအနေဖြင့်လည်း အတတ်နိုင်ဆုံးမိမိနေအိမ်တွင်သာ နေထိုင်ရန် ညွှွန်ကြားထားပြီးဖြစ်သည်။

ပိုးတွေ့လူနာအများဆုံးဖြစ်သည့် ဖားကန့်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ လုပ်ငန်းဆောင်ရွက်ရာတွင်
ကြိုတင်မဲပေးခြင်း ပုံစံ ၁၅ လုပ်ဆောင်မူမျိုးတွင် ပိုမိုအခက်ခဲကြုံရကြောင်း ဖားကန့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အရာရှိဦးအောင်ကျော်သူကပြောသည်။

“ပုံစံ (၁၅)နဲ့ တောင်းဆိုတာမျိုးဆိုရင် မဲစာရင်းပါမပါစီစစ်ရတယ် တစ်ကယ်လို့ မပါဘူးဆိုရင် သူပေးခဲ့တဲ့လိပ်စာမှာ နေထိုင်ခြင်းရှိမရှိ ရပ်ကျေးတွေလိုက်ပြီးတော့မှ ရှာဖွေခိုင်းရတာမျိုးရှိတယ်။ အဲလိုရှာဖွေတဲ့အချိန်မှာ Covid ကြောင့် တစ်ရပ်ကွက်နဲ့တစ်ရပ်ကွက်မသွားရ မလာရ စည်းမကျော်ရ အခြေနေတွင်ရှိတဲ့အတွက် သွားရှာတဲ့အပိုင်းမှာ ခက်ခဲတွေရှိတယ် ကြန့်ကြာတယ်။ တစ်ချို့ဆိုရင် လိပ်စာအတိအကျမဟုတ်တဲ့အတွက် လိုက်ရှာရတာ အရမ်းခက်ခဲတယ်။” ဟု မြို့နယ်ရွေးကောက်ပွဲ အရာရှိဦးအောင်ကျော်သူကပြောသည်။

လာမည့်၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်ပေါင်း ၁၁သိန်းနီးပါးရှိကာ မဲရုံပေါင်း ၉၁၀ ရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီပေါင်း ၁၉ပါတီရှိသည်။

Show More

Related Articles

Back to top button