သတင်း

မဲ အများဆုံးရရှိခဲ့သော်လည်း စည်ပင် ဥက္ကဌအဖြစ်တင်မြောက်ခြင်းမခံရတဲ့ ဦးနော်ဆန့်

ဖားကန့် စည်ပင်ဥက္ကဌရွေးချယ်တင်မြောက်မှုသည် ပွင့်လင်းမြင်သာမှုနှင့် မျှတမှု မရှိကြောင်း ဝေဖန်မှုများစွာရှိနေသည်။ မဲခွဲဆုံးဖြတ်ရာတွင် မဲအများဆုံးရရှိသူကို ဥက္ကဌအဖြစ် မခန့်ဘဲ သူ့ထက်မဲနည်းသောသူကို ဥက္ကဌအဖြစ်ခန့်အပ်လိုက်ပြီးနောက် ယခုလို ဝေဖန်မှုများ ရှိလာခဲ့ခြင်းဖြစ်သည်။

ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ က မဲအများဆုံးသူကို ရွေးချယ်ရမည်ဟု ဥပဒေတွင် ပြဌာန်းထားခြင်း မရှိသောကြောင့် ယခုရွေးချယ်မှုကို သိရှိနားလည်ပေးရန်ဆိုပြီး ၎င်း၏ လူမှုစာမျှက်နှာတွင် ဖော်ပြထားသည်။

ထို့ကြောင့် မဲအများဆုံးရရှိခဲ့သော်လည်း ဖားကန့်မြို့နယ် စည်ပင် ဥက္ကဌအဖြစ်ရွေးချယ်ခြင်း မခံရသော ဦးနော်ဆန့်ကို ကချင်သတင်းဌာန KNG က မေးမြန်းထားပါသည်။

မေး။ ။ရှေးဦးစွာ ဦးနော်ဆန့်ရဲ့အကြောင်းလေး အရင်မိတ်ဆက်ပေးပါ။
ဖြေ။ ။ကျနော့ နာမည် ဦးနော်ဆန့်ပါ။ ဖားကန့်မြို့မော်ဝမ်းရပ်ကွက်မှာ နေထိုင်ပါတယ်။ လက်ရှိ လုပ်ကိုင်နေတဲ့အလုပ်အကိုင်တွေက ဖားကန့် ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဌတာဝန်၊ ဖားကန့် ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှာ ရံပုံငွေရှာဖွေရေး တာဝန်ခံတစ်ဦးဖြစ်သလို ဖားကန့်ကျောက်မျက် လုပ်ငန်းရှင်များအသင်းရဲ့ တတိယအတွင်းရေးမှူးနှင့်စိုက်ပျိုးရေး မွေးမြူရေးဆည်မြောင်းဝန်ကြီးဌာနဖြစ်တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး မြစိမ်းရောင်စီမံကိန်း မြို့နယ်တာဝန်အဖြစ် ပါဝင်ဆောင်ရွက်နေပါတယ်။ နောက်အရင်အစိုးရ လက်ထက်မှာ ဥရုချောင်းရှင်းလင်းလုပ်ငန်းစဉ်မှာလည်း ပါဝင်လှုပ်ရှားခဲ့တယ်။ ဖားကန့်မှာနေထိုင်တာကအခုဆိုရင် ၃၁ နှစ် ရှိပါပြီ။

မေး။ ။ ဦးနော်ဆန့်အနေနဲ့ ဖားကန့်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ရွေးကောက်တင်မြောက်ရာမှာ ဘယ်လိုရည်ရွယ်ချက်တွေထားရှိပြီး ပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့သလဲ။
ဖြေ။ ။ ကျနော်အနေနဲ့ ဖားကန့် စည်ပင်သာယာရေး ဥက္ကဌနေရာမှာ အရင်တုန်း ကလည်းယှဉ်ပြိုင်ဖို့လုပ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဖားကန့်မှာက ကျောက်မျက်တူးဖော်တဲ့ဒေသဖြစ်တဲ့အတွက် အခုဆိုသယံဇာတတွေက ကုန်ဆုံးလာပြီလို့ပြောလို့ရတယ်။ အဲ့ဒီတော့ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့က ကျောက်မျက်တူးဖော်တဲ့ လုပ်ငန်းရှင်တွေနဲ့ အတူပူးပေါင်း ဆောင်ရွက်ရမယ့်အပိုင်းတွေအများကြီးရှိတယ်။ ဆိုလိုရင်းက ကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး ကိုယ်ဒေသကို ပိုမိုဖွံ့ဖြိုးလာနိုင်ရန် လုပ်ဆောင်နိုင်ဖို့ အဓိကရည်ရွယ်ပြီး ပါဝင်ယှဉ်ပြိုင်တာက ပထမပေါ့လေ။ ဒုတိယက ကျနော်နေထိုင်တဲ့ ရပ်ကွက်က ဒေသခံပြည်သူတွေက ကျနော့်ကို ပါဝင်ယှဉ်ပြိုင်ဖို့ တင့်တော်တယ်ဆိုပြီး ထောက်ခံတွန်းအားပေးခဲ့လို့ ပါဝင်ခဲ့တာပါ။ ကျနော်အနေနဲ့အဖက်ဖက် စဉ်းစားပြီး ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။

မေး။ ။ ရွေးချယ်ရေးအဖွဲ့က ဦးဆောင်ပြီး မဲခွဲဆုံးဖြတ်တဲ့အခါမှာ ဦးနော်ဆန့်က မဲအများဆုံးဖြစ်တယ်လို့တော့ သိရတယ်ပေါ့ နော်။ ဒါပေမယ့် ပြည်နယ်အစိုးရက မဲအရေအတွက်မကို မကြည့်ဘဲ ပြန်လည်စီစစ်ရွေးချယ်သွားမယ်ဆိုတာကိုရော ကြိုတင်သိခဲ့တာလား။ ဒါမှမဟုတ်မသိဘဲ ယှဉ်ပြိုင်ခဲ့တာလား။
ဖြေ။ ။ စည်ပင်ဥက္ကဌ ရွေးချယ်မှုနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် အရင်အစိုးရလက်ထက် ကတည်းက မြို့နယ်ဒေသခံတွေ ရွေးချယ်ပေးလိုက်သူသာ အတည်လို့သတ်မှတ်ထားတာပါ။ (ဥပမာ) မဲအများဆုံးကသာ ဥက္ကဌ ဖြစ်ရမှာဖြစ်တယ်။ စည်ပင်ဥပဒေ အခန်း(၃)မှာ အားလုံးပါပြီးသားပါ။ မြို့နယ်က တင်ပြလိုက်တဲ့အမည်စာရင်းကို ပြည်နယ်ကနေ အတည်ပြုပေးဖို့ပါဘဲ။ အရင်တုန်းကလည်း အဲ့လိုဘဲလုပ်ခဲ့ကြတာ။ အဲ့လိုသာလုပ်မယ်ဆိုရင် ပြည်သူတွေတွေကို မဲထည့် ဆုံးဖြတ်ခိုင်းစရာလည်း မလိုဘူး။ ကြိုက်တဲ့သူကို အမည်စားရင်တင်ပြီး ခန့်အပ်လို့ရ တာဘဲ။ သူတို့သာ အမှန်တိုင်းလုပ်ရင် ပြည်သူတွေက ဝေဖန်ပြောနေမှာလည်း မဟုတ်ဘူး။ အခုကျနော် ဝင်ပြိုင်တဲ့ အခါကြမှ ဒီလိုလုပ်တယ်ဆိုတာက ကျနော်ရဲ့ပုဂ္ဂိုလ်ရေးအရ တစ်စုံတစ်ရာသူတို့အနေနဲ့ မကျေမနပ်ဖြစ်လို့ ဒီလိုလုပ်တယ်လို့ဘဲမြင်ပါတယ်။

မေး။ ။ အရင်တုန်းက ဖားကန့် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ရွေးချယ်ခဲ့တာကို ဘယ်လိုပုံစံနဲ့ ရွေးချယ်ခဲ့ကြသလဲ။ ဦးဆန့်အနေနဲ့ သိမြင်ကြားသိရသလောက်လဲ ပြောပြပေးပါအုံး။
ဖြေ။ ။ အရင်တုန်းက စည်ပင် ဥက္ကဌ ရွေးချယ်တဲ့အခါမှာ ရွေးချယ်ရေးကော်မတီမှာ ကျနော်ကိုယ်တိုင်ပါဝင်ခဲ့ ဖူးတယ်။ ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေရဲ့အမည်စာရင်းတင်လိုက်တဲ့အခါမှာ အပြောင်းအလဲလည်း မရှိခဲ့ဘူး။ မဲအများဆုံးက ဥက္ကဌ အဖြစ်ခန့်အပ်ခဲ့ကြတာကို မြင်တွေ့ရတာဖြစ်တယ်။

မေး။ ။ ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးကိုယ်တိုင်လည်း သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ စည်ပင်သာယာရေး ဥပဒေမှာ မဲအများဆုံရရှိသူကို ဥက္ကဌ အဖြစ်ခန့်အပ်ရမည်လို့ အတိအကျ မပြဌာန်းထားဘူးဆိုပြီး ရေးသာဖော်ပြထားတဲ့အပေါ်မှာ ဘယ်လိုပြောပြချင်သေးသလဲ။

ဖြေ။ ။ ဒါကသူတို့ကြိုက်တဲ့ ဥပဒေကို ပြန်တင်ပြထားတာပါ။ ကော်မတီဖွဲ့စည်းခြင်း အခန်း(၃)မှာ ရှင်းရှင်းလင်းလင်း ပြဌာန်ထားပြီးသား။ ‘ဝန်ကြီးဌာနသည် အစိုးရ၏ သဘောတူညီချက်ဖြင့် စည်ပင်သာယာရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်’ ဟု သူရဲ့ပုဒ်မ အပိုင်းလိုက်အောက်မှာဖော်ပြထားပြီးသားပါ။ အခုအားလုံးနားလည်ထားတာက မဲအများဆုံးက ဥက္ကဌနေရာသာ ဖြစ်တယ်။ စည်ပင်ဝန်ကြီးက အပိုဒ်ကြီးသာ တင်ထားတယ်။ နည်းဥပဒေတွေ အသေးစိတ်မပါဘူး။ အဲ့ကြောင့်ပြောချင်တာက သူတို့ကိုယ်တိုင်က ဒီမိုကရေစီကို ချိုးဖောက်တယ်လို့ဘဲမြင်တယ်။

မေး။ ။ အဲ့ဆိုရင် ဦးနော်ဆန့်တို့ ဥက္ကဌအဖြစ် အရွေးခံမယ့် ကိုယ်စားလှယ်တွေက မည်သည့်အချက်တွေနဲ့ ကိုက်ညီရမည်ဆိုပြီး စည်းကမ်းချက်တွေ ထုတ်ပြန်ထားလား။
ဖြေ။ ။ အဲ့ဒါက တစ်ချို့ကတော့ သိကြပါတယ်။ စည်းကမ်းချက်မှာက အိမ်ထောင်ရေးမှာ အသင့်သင့်ရှိရမှာပေါ့။ ပညာအရည်အချင်းတွေ၊ နိုင်ငံရေးကင်းရှင်းရမည်။ ပြစ်မှုပြစ်ဒဏ် ကင်းရှင်းရမယ်။ ဥပဒေနဲ့အညီ နေထိုင်ရမည် စသဖြင့်ပေါ့လေ။ ဒီအချက်တွေနဲ့ လိုက်နာဖို့ပေါ့။ ကျနော်ကိုယ်တိုင်ဆိုရင် ဖားကန့်မှာအတည်တကျနေတာ ၃၁ နှစ်ရှိပြီ။ အဲ့ကြောင့်လည်း ရပ်ကွက်ကနေ တဆင့်မြို့နယ်မှာ ရွေးချယ်ခံခဲ့ရတာပေါ့လေ။

မေး။ ။ လက်ရှိ ဦးနော်ဆန့်ကိုလည်း စည်ပင်သာယာရေးကော်မတီဝင်အဖြစ် ဆက်လက်ခန့်အပ်ထားတာဖြစ်တဲ့အတွက် ရှေ့ဆက်စည်ပင်နဲ့ပတ်သက်ပြီး ဘယ်လောက်အတိုင်းအတာအထိ ပြန်လည်ပါဝင်သွားဖို့ရှိလဲ။
ဖြေ။ ။ ကျနော့ကို အဖွဲ့ဝင်မှာပါဝင်ကြောင်းဆိုတဲ့ အကြောင်းပြန်ကြားလာတာတော့မရှိသေးဘူး။ လူမှုကွန်ယက်မှာတင်ထားတာကိုတော့ တွေ့တယ်။ ကျနော့်ကို ရွေးကောက်ခံဖို့ တောင်းဆိုလာတဲ့ ပြည်သူတွေရဲ့အဓိက ဆန္ဒပါ။ ဘာကြောင့်လဲဆိုတော့ အခုထွက်လာတဲ့ အဖြေအပေါ် ကျနော့်ကို ဝန်းရံကျတဲ့ သူတွေကကန့်ကွက်နေကြတာဖြစ်တဲ့အတွက် သူတို့တွေရဲ့စကားသံကိုနားထောင်ရမှာပါ။ သူတို့အနေနဲ့ ဆက်လုပ်ရမှာ ဖြစ်တယ်လို့ ထောက်ခံရင်ဆက်လုပ်မယ်။

မေး။ ။ နောက်ဆုံး ဦးနော်ဆန့်အနေနဲ့ ဘာများဖြည့်စွက်ပြောဖို့ရှိသေးလဲ။
ဖြေ။ ။ ကျနော်ပြောချင်တာက ဖားကန့် မှော်ဝမ်းရပ်ကွက်မှာ လူမျိုးဘာသာစုံရှိသလို နိုင်ငံရေးပါတီတွေလည်း အများအပြား ရှိကြတယ်။ အဲ့ဒီမှာ ကျနော့်ထက် အရည်အချင်းရှိတဲ့သူတွေ အများအပြားရှိတဲ့အနက်မှာ ကျနော့်ကို ယှဉ်ပြိုင်ဖို့ ဝန်းရံပေးကြတဲ့ ပြည်သူအားလုံးကို ကျေးဇူးတင်တယ်။ ရွေးချယ်ရေးအဖွဲ့ကော်မတီအနေနဲ့လည်း တိကျစွာလုပ်ဆောင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်တယ်။ ဒါပေမယ့် ကျနော့်ကို ပြည်သူလူထုတွေက မှန်မှန်ကန်ကန်နဲ့ မြို့၊ ရပ်ကွက်တွေမှာ ပိုမိုဖွံ့ဖြိုးလာဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်ပေးဖို့ ဝန်းရံပေးခဲ့သော်လည်း ကျနော်ကိုယ်တိုင်က အဖွဲ့ဝင်တစ်ဦးအဖြစ်သာ ခန့်အပ်ခံခဲ့ရတဲ့အတွက် ရာနှုန်းပြည့် လုပ်ဆောင်ပေးနိုင်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဦးဆောင်ပြီး လုပ်တာနဲ့ သူတို့ညွန်ကြားသည့်အတိုင်းလိုက်လုပ်တာက အရမ်းကွာခြားတယ်။ အဲ့ကြောင့် ကျနော် အားမရတဲ့အပိုင်းတွေ အများကြီးရှိနေတဲ့အတွက် နားလည်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။

Show More

Related Articles

Back to top button