မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

လီဒိုလမ်းပေါ် စစ်ရှောင်စခန်း ၂ ခုက ကိုယ်တိုင် စိုက်ပျိုးမြေ သတ်မှတ်ယူ

ဖားကန့်မြို့နယ် ဟူးကောင့် လီဒိုလမ်းမပေါ်ရှိ စစ်ရှောင်စခန်း ၂ခုက ရေရှည်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နိုင်ရန် ယုဇနကုမ္ပဏီက သိမ်းပိုက်ထားသည့် မြေနေရာ ဧက ၂၀၀ ကျော်ကို ဆိုင်းဘုတ်စိုက်ထူ စစ်ရှောင်များက သတ်မှတ်ယူထားသည်ဟု သိရသည်။

လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်ကျေးရွာ KBC စစ်ရှောင်စခန်းနှင့် အောင်ရာကျေးရွာ မူရင်းနှစ်ခြင်းအသင်းတော်စစ်ရှောင်စခန်း ၂ခုမှ စစ်ရှောင်များက စစ်ပြေးကာလ ၄ နှစ်ကျော်လာသဖြင့် စိုက်ပျိုးလုပ်ကိုင်စားသောက်ရန် မြေနေရာလိုအပ်နေသောကြောင့် နိုဝင်ဘာ ၂ ရက်နေ့က သတ်မှတ်ယူရခြင်းဖြစ်သည်ဟု ရှဒူးဇွပ်ကျေးရွာ စစ်ရှောင်တာဝန်ခံ ဦးထွယ်အောင် က ကချင်သတင်းဌာန KNG ကို ပြောသည်။

“အခုသတ်မှတ်ယူထားတဲ့နေရာက ယုဇနကုမ္ပဏီက ပီလောပီနှံစိုက်ထားတဲ့နေရာမှာဖြစ်တယ်။ ဒါပေမယ့် အခုကျနော်တို့ကို ချပေးမယ့်နေရာက ယုဇနနေရာလို့တော့ ပြောကြတယ်။ ဒီမြေယာနဲ့ပတ်သက်ပြီး လုပ်ဆောင်ပေးတဲ့သူတွေ ပြတဲ့မြေပုံမှာက ယုဇနကိုသတ်မှတ်ထားတဲ့နေရာမှာမပါဘူးလို့တော့ ပြောပြတယ်။ အဲ့တော့ကျနော်တို့ စစ်ရှောင်တွေလည်း စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်စားသောက်ရန် လယ်ယာမြေတွေ တကယ်ဘဲလိုအပ်နေတယ်။ တခြားနေရာမှာ လိုက်ရှာဖို့ကလည်း မရှိဘူး။ ကျန်တဲ့နေရာတိုင်းမှာရွှေတူးဖော်လိုက်တဲ့နေရာတွေဘဲ။ ဒီနေရာတစ်ခုသာ ကျန်ရှိနေတယ်လို့ပြောလို့ရတာပေါ့။ ဒါကြောင့် ဒီနေရာကိုမှာ ရွေးချယ်လိုက်တာပါ”ဟု ပြောဆိုသည်။

အဆိုပါလုပ်ငန်းအတွက် စစ်ရှောင်များက ကော်မတီဖွဲ့ကာ စီမံကိန်းဖော်ဆောင်နေပြီဖြစ်ပြီး ယခုလအတွင်း လမ်းဖောက်ကာ မြေယာ ခွဲဝေတိုင်းတာမှု လုပ်ငန်းများ စတင်လုပ်ကိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

စစ်ရှောင်စခန်း ၂ခုအတွက် အိမ်ထောင်စု ၅၀ ရှိသောကြောင့် မြေဧက ၂၀၀ကျော်ကို သတ်မှတ်ထားပြီးဖြစ်ရာ တစ်အိမ်ထောင်အတွက် ၅ဧကအဖြစ်ခွဲဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်းဘုတ်စိုက်ထူသတ်မှတ်ထားသည့်မြေနေရာမှာ ရှဒူးဇွပ်ကျေးရွာနှင့် ၃မိုင်နှင့် အောင်ရာကျေးရွာ၏ နောက်ခြမ်းဘက် ၁မိုင်ကျော်ခန့်သွားရသည့်နေရာတွင်ဖြစ်ပြီ လောဒ်ဂျာစစ်ရှောင်ပြည်သူများက စွန့်ခွာခဲ့ရသည့် ကျေးရွာနှင့်လည်း အလွန်နီးကပ်သည်။

လက်ရှိတွင် ရှဒူးဇွပ်ကျေးရွာအနီးတဝိုက်တွင် ရွှေတူးဖော်ခြင်းလုပ်ငန်းများရှိသောကြောင့် တပ်မတော်နှင့် KIA နှစ်ဖက်စလုံးထိန်းချုပ်သောနယ်မြေအဖြစ်ရှိနေသည်ဟု ဒေသခံများဆိုသည်။ ထို့ကြောင့် ယခု စိုက်ပျိုးရေးဖော်ထုတ်ရေးစီမံကိန်းအတွက် ၂ ဖက်စစ်တပ်ကို တောင်းဆိုထားသည်ဟုလည်း ဦးထွယ်အောင်က ပြောသည်။

“ကျနော်တို့ရဲ့ဒီနယ်မြေက ၂ဖက်စစ်တပ် ထိန်းချုပ်နေတဲ့ နယ်မြေဖြစ်ပါတယ်။ အဲတော့ကျနော်တို့က KIO နှင့် တပ်မတော် ၂ဖက်ကိုအကြောင်းကြားရတယ်။ ကေအိုင်အေ ဖက်ကကျတော့ ယုဇနကုမ္ပဏီနဲ့ အစိုးရကြား ပြေလည်အောင်ညိပေးမယ်လို့ပြောတယ်။ နောက်ပြီး ဗမာစစ်တပ်ဘက်ကတော့ ယုဇနကုမ္ပဏီနဲ့ အရင်အဆင်ပြေအောင်ညှိနိှုင်းကျပါလို့ပြောတယ်။ နောက်ပြီးမှဘဲ ပြန်လည်ထူထောင်ရေးအဖြစ် ထောက်ပံ့ကူညီပေးမယ်လို့ပြောတယ်”ဟု ပြောဆိုကြောင်း ပြန်လည်ပြောပြသည်။

ရှဒူးဇွပ်စစ်ရှောင်စခန်းနှင့် အောင်ရာစစ်ရှောင်စခန်း ၂ ခုတွင် စစ်ရှောင် လူဦးရေ ၁၀၀ ကျော်ခန့် ရှိနေပြီး စစ်ရှောင်ကာလ ၄နှစ်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။ စိုက်ပျိုးမြေရရှိပါက အသက်မွေးဝမ်းကြောင်းအတွက် အဆင်ပြေမည်ဟုလည်း မျှော်လင့်နေကြသည်။

“ကျနော်တို့က စစ်ရှောင်တဲ့ကာလဆိုရင်လည်း ၄နှစ်တာကာလထဲရောက်သွားပြီး။ အခက်အခဲများလည်းအများကြီးရှိခဲ့တယ်။ ပိုဆိုးတာက လုပ်ကိုင်စားသောက်မယ့် လယ်ယာမြေလည်းမရှိ။ လုပ်ငန်းလုပ်ကိုင်ဖို့လည်း အင်မတန်မှ ခက်ခဲတဲ့အနေထားမှာ ကြုံတွေ့နေရတယ်။ ကျနော်တို့မှာ လုပ်ကိုင်မယ့် လယ်ယာမြေတွေ ဖန်တီးပေးနိုင်ရင်တော့ စားဝတ်နေရေးအတွက် အနည်းအကျဉ်းတော့” ဟု အောင်ရာကျေးရွာစစ်ရှောင်စခန်းမှ သိက္ခာတော်ဆရာကြီး ဦးတန်ဂွန်းက ပြောသည်။

၎င်းစစ်ရှောင်စခန်း ၂ခုမှာ ၂၀၁၇ ဇူလိုင်လ ဟူးကောင့်ချိုင့်ဝှမ်းဒေသ နမ့်ဗြူ၊ တုန်မနီ၊ အောင်လန့်နှင့် ချောင်းဆုံမှော်တို့တွင် တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်လာသောကြောင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့်တိုက်ပွဲဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်းခဲ့သော လောဒ်ဂျာစစ်ရှောင်ပြည်သူများ ဖြစ်ကြသည်။

Show More

Related Articles

Back to top button