ရွေးကောက်ပွဲဆိုင်ရာသတင်း

KSPP ပါတီက မဲဆန္ဒနယ် ၃ နေရာတွင် ပုံစံ ၁၉ လက်မှတ်မထိုး

ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP က ပုံစံ ၁၉ တွင် လက်မှတ်မထိုးသည့် မဲဆန္ဒနယ် ၃ နေရာရှိကြောင်း သိရသည်။

တရားမျှတသော ယှဉ်ပြိုင်ခြင်းဟု မခံယူသောကြောင့် မဲဆန္ဒနယ် သုံးနေရာမှာလက်မှတ်မထိုးခြင်းဖြစ်သည်ဟု ပါတီ၏ လူငယ်တာဝန်ခံ ဦးနော်ခုန့်က ပြောသည်။

“ပထမတစ်နေရာက ဆွမ်ပရာဘွမ်မြို့နယ်မှာက ပြည်သူတွေတစ်ဝက်လောက်က မဲပေးတယ်။ ဒါပေမယ့် တပ်မဲကြောင့်နိုင်သွားတယ်။ အဲကြောင့်ဒါကိုတော့ မတရားဘူးလို့ခံစားရတဲ့တွက် မထိုးဘူး။ မချမ်းဘောမှာက ကျနော်တို့ပါတီကို မတရားစွပ်စွဲပြောဆိုပြီး မဲဆွယ်ကြတယ်။ အဲဒါကို မလုပ်ဖို့ဝန်ခံကတိကို ထိုးပြီးပြီ။ ဒါပေမယ့် ဆက်ပြီးတော့ မတရားတဲ့ပုံစံနဲ့မဲဝယ်ပြီးလုပ်တယ်။ မဲရလဒ်ကိုကြည့်တော့လည်း မကွာဘူး။ ဒါကိုလည်း မတရားဘူးလို့ ခံယူထားတဲ့အတွက် လက်မှတ်မထိုးဘူး။ နောက်တစ်ခုက ဦးနော်လီက အစိုးရရဲ့အာဏာနဲ့ မဲဆွယ်တယ် အစိုးရရဲ့ဘတ်ဂျတ်ငွေနဲ့လမ်းလုပ်ပေးတဲ့ဟာတွေကို အကြောင်းပြုပြီး မဲဆွယ်တယ်လို့ ခံစားရတဲ့အတွက်” ဟု ပြောသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ မှ ပုံစံ ၁၉ လက်မှတ်မထိုးသည့် ကိုယ်စားလှယ်များမှာ ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်မှ ဦးကွမ်ကရောင်အောင်ခမ်း၊ မချမ်းဘောမြို့နယ် ပြည်နယ် ၂ ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးဖုန်ဆန်း၊ ဝိုင်းမော်မြို့နယ် ပြည်နယ် ၂ တွင်ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးလွမ်းဇောင်းတို့ ဖြစ်သည်။

“ပုံစံ (၁၆)ဘဲဖြစ်ဖြစ်။ ပုံစံ ၁၉ ဖြစ်ဖြစ် ကျနော်ကတော့လက်မှတ်မထိုးနိုင်ဘူး၊ သူတို့က တရားဝင်လုပ်တာတော့ ဟုတ်တယ်။ ဒါပေမယ့် သဘောမတူတာ ကျနော်တို့ဘယ်လိုလက်မှတ်ထိုးမှာလဲ ဒါက ဗိုလ်ကျတဲ့မဟာဗမာလူမျိုးကြီးဝါဒရဲ့ ဗိုလ်ကျတာကိုလက်မခံနိုင်လို့မထိုးတာ။ ဒါပေမယ့် သူတို့ ပုံစံ ၁၉မှာလက်မှတ်ထိုးရင်လည်း မထိုးရင်လည်း အတည်ဖြစ်ပြီဆိုတာပြောပါတယ်။ ဖြစ်တာမဖြစ်တာကို ကျနော်တို့ပြောနေတာမဟုတ်ဘူး၊ အဓိကတော့ ကျနော်တို့အနေနဲ့ တရားမျှတမူမရှိဘူးလို့ ခံယူထားတဲ့တွက် မထိုးတာဖြစ်တယ်။” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဆွမ်ပရာဘွမ်မြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးအောင်ခမ်းက ပြောသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လ ၅ ရက်ထိ ပြင်ဆင်ထားသည့် လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများနှင့်အညီ ပြင်ဆင်ရေးသားထားသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန် စာမျက်နှာ ၂၁ မှ ၂၃ တွင် ဆန္ဒမဲရေတွက်ခြင်း ရွေးကောက်ပွဲအနိုင်အရှုံးကြေညာခြင်း အပါအဝင် ပုံစံ ၁၉ နှင့်ပတ်သက်ပြီး ညွှန်ပြထားပြီးဖြစ်သည်။

အဆိုပါရွေးကောက်ပွဲလမ်းညွှန်တွင် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄ အရ မဲဆန္ဒနယ်များမှ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းအသီးသီးတွင် မဲရုံမှပေးပို့သည့် ဆန္ဒမဲစာရင်းအား ပုံစံ (၁၆-က) နှင့် မိမိရေတွက် ရရှိသည့် ကြိုတင်မဲလက်မှတ်များအရ ဆန္ဒမဲစာရင်း ပုံစံ(၁၈-က)နှင့်ပေါင်းပြီး ဆန္ဒမဲအရေအတွက် ကြေညာထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အစီစဉ်အတိုင်း ပုံစံ(၁၉-က)တွင် ပြန်လည်ဖြည့်ရာတွင်မှန်ကန်ကြောင်း ကိုယ်စားလှယ်လောင်း (သို့မဟုတ်) မဲရုံကိုယ်စားလှယ်မှ လက်မှတ်ရေးထိုးရမည်။ လွှတ်တော်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခြင်းပျက်ကွက်ပါက ပျက်ကွက်သူ၏ တာဝန်သာဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီက ပြည်ထောင်စုလွှတ်တော် ၁ နေရာနှင့်ပြည်နယ် လွှတ်တော် ၃ နေရာတွင် အနိုင်ရထားသည်။

Show More

Related Articles

Back to top button