ရွေးကောက်ပွဲဆိုင်ရာသတင်းအင်တာဗျူး

“ကျမတို့အမျိုးသမီးတွေကိုလည်း တန်းတူအခွင့်အရေးပေးပါ။” လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူ ဖြင့်တွေ့ဆုံမေးမြန်းခြင်း

ပြီးခဲ့သည့်အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အတွင်း အမျိုးသမီးကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်သည့်ရာခိုင်နူန်းသည် ၂၀၁၅ ထက်လျော့နည်းသွားသော်လည်း ရွေးချယ်ခံရသည့် အမျိုးသမီးအရေတွက်သည်မှာ ယခင်ထက်ပိုများလာသည်ကို တွေ့ရသည်။

ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄၈၀ဦး ဝင်ရောက်ယှဉ်ပြိုင်သည့်အနက် အမျိုးသမီးကိုယ်စားလှယ်လောင်း ၅၂ ဦးပါဝင်ကာ ၁၀ ဦး အနိုင်ရရှိခဲ့သည်။

အဆိုပါ အမျိုးသမီး ၁၀ ဦးအနက် ၂၀၁၅ ရွေးကောက်ပွဲတွင် လီဆူအမျိုးသားတိုးတက်ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပါဝင်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ၂၀၂၀ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှဝင်ရောက်ယှဉ်ပြိုင်ကာ ထပ်မံအနိုင်ရရှိခဲ့သည့် လက်ရှိ ဆော့လော် ပြည်နယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူအနေနဲ့ ရွေးကောက်ပွဲအတွေ့အကြုံ ရွေးကောက်ပွဲ ကတိကဝတ်တွေဘယ်လိုဆက်ပြီးဖော်ဆောင်သွားဖို့ရှိလဲဆိုတာကို ကချင်သတင်းဌာန KNG က တွေ့ဆုံမေးမြန်းထားသည်။

မေး – ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ ရည်ရွယ်ချက်ကို အရင်ပြောပေးပါ။
ဖြေ- ပထမအကြိမ်ရွေးကောက်ပွဲစဝင်တုန်းကတော့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အန်တီတို့မှာ နိုင်ငံရေးမျိုးရိုးလည်း မရှိပါဘူး။ ဒီအတိုင်း သာမန်မိသားစုဘဝထဲကပါဘဲ ဒါပေမယ့် တောင်ပေါ်ဒေသမှာရှိတဲ့ လီဆူလူမျိုးတွေ အဖက်ဖက်မှာ နိမ့်ကျနေတာကို လေ့လာတွေ့ရှိရတဲ့အတွက် တောင်တန်းဒေသမှာ ရှိတဲ့ပြည်သူတွေ မြေပြန့်ဒေသနဲ့အတူ တန်းတူညီမျှအခွင့်ရေးရရှိဖို့ အမျိုးသားရေး အရင်စွမ်းစွမ်းတမံ ကြိုးစားကြည့်မယ်ဆိုတဲ့ စိတ်မျိုးနဲ့ ဝင်ရောက်လာရခြင်း ဖြစ်ပါတယ်။

မေး- ပထမအကြိမ်မှာ လီဆူအမျိုးသားပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရတယ်။ ဒါပေမယ့် ဒုတိယအကြိမ်ကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်ဆိုတဲ့ ဘယ်လိုကြောင့် အမျိုးသားဒီမိုကရေစီပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့လဲဆိုတာလည်း ရှင်းပြပေးပါ။
ဖြေ – အန်တီက ပါတီစွဲမရှိပါဘူး လောကကြီးမှာ လူရယ်လို့ဖြစ်လာတဲ့ချိန်မှာ ကိုယ့်အတွက်ကောင်းဖို့ထက် အများအကျိုးကောင်းဖို့အတွက် ရှေးရူတတ်တဲ့သူဖြစ်တဲ့တွက်မို့ ပထမတော့ မိမိလူမျိုးကို အခြေခံထားတဲ့ နိုင်ငံရေးလောကထဲရောက်လာတယ်။ ဒါပေမယ့် အန်တီရဲ့သွားရတဲ့ သွားချင်တဲ့ရည်ရွယ်ချက်ပန်းတိုင်မတူတဲ့တွက် အန်တီ့ရဲ့ သွားချင်တဲ့ ပန်းတိုင်နဲ့ရည်ရွယ်ချက် တူညီတဲ့ပါတီကို ဝင်ရောက်ပြီးတော့ ယှဉ်ပြိုင်ရတာဖြစ်တယ်။

မေး – အန်တီရဲ့ပထမဆုံး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ရည်ရွယ်ချက်က အမျိုးသားရေးလုပ်ဖို့ပြီးတော့ ဒေသဖွံ့ဖြိုးရေးဆိုတောာ့ ခုလက်ရှိအနေထားအရတော့ NLD ပါတီက ပြန်ဖြစ်နေတဲ့ချိန်မှာ အန်တီရဲ့ရွေးကောက်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်တွေကိုကော စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ထားလား။ ဘာကြောင့်လဲဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာက လွှတ်တော်ထဲအဆိုတင်သွင်းမယ့်မေးခွန်းတွေကို ကြားမှာ ပြန်ပြီးစီစစ်တာမျိုးရှိတာဆိုတော့လေ။
ဖြေ -၂၀၁၅မှာ ပြိုင်ခဲ့တုန်းကတော့ မိမိလူမျိုးကိုအခြေခံတဲ့ပါတီကနေ ဝင်ပြိုင်ခဲ့တယ် အဓိကတော့ ကိုယ့်အမျိုးသားရေးအနေနဲ့ဝင်ပြိုင်တယ် မှန်တယ်။ ဒါပေမယ့် အမျိုးသားရေးကို ထိုက်သင့်သလောက်တော့ လုပ်နိုင်ခဲ့တယ်။ ဒါကတော့ ကိုယ့်ရဲ့ Personal ခံစားချက်ပါ အစိုးရဖွဲ့နိုင်မယ့် ပါတီမှာရှိမှ မှန်ကန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့ ပါတီမှာရှိနေတဲ့ ပါတီမှာဝင်ရောက်ပြီးတော့မှ ကိုယ့်ရဲ့လူမျိုးအတွက် ကိုယ့်ရဲ့ပြည်နယ်အတွက် တိုင်းပြည်အတွက် ဘာဘဲဖြစ်ဖြစ်အောင်မြင်အောင်လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ဘယ်ခြေနေမှာဘဲဖြစ်ဖြစ် အခက်ခဲမရှိ အဆင်ပြေနိင်မှာပါ။

မေး – ဒီနှစ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားဒေသတွေများဆုံးရှိတဲ့နေရာတွေဆို တိုင်းရင်းသားပါတီတွေ အနိုင်ရမယ်လို့ ယုံကြည်ခဲ့ကြတယ်။ ဒါပေမယ့် NLD ကဘဲ တောင်ပြိုကမ်းပြိုပြန်နိုင်တာဆိုတော့ ဒီပေါ်မှာသုံးသပ်ပေးပါ။
ဖြေ – ဒီမေးခွန်းကို မမေးခင်ကတည်းက ပြောချင်နေခဲ့တာပါ။ အန်တီတို့ဆော့လော်မှာဆို ၂၀၁၅ ရွေးကောက်ပွဲတုန်းက NLD က တစ်ယောက်မှမနိုင်ထားပါဘူး။ ဒါပေမယ့် ဒီနှစ်မှာကျတော့ ပြည်နယ် ၁၊ ၂ ပြည်သူ့လွှတ်တော် သုံးယောက်လုံးနိုင်တာက ဘာကြောင့်လဲဆိုတာကတော့ ဆော့လော်ကပြည်သူတွေက တစ်ကယ်ကိုမှန်ကန်တဲ့ ဒီမိုကရေစီလိုချင်လို့ ပြည်သူတွေလည်း NLDကို ရွေးချယ်ခဲ့ကြတာ ဟုတ်တယ်လို့ မြင်ပါတယ်။

မေး – ပြီးခဲ့တဲ့လွှတ်တော်သက်တမ်း ၅နှစ်အတွင်းမှာကော အန်တီဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ဒေသအတွက် ဒေသဖွံ့ဖြိုးရေးကို ဘယ်လောက်ထိလုပ်ဆောင်နိုင်ခဲ့လဲ။
ဖြေ – ရည်ရွယ်ချက်တစ်ခုမှ အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ နံပါတ် ၁ အချက် အန်တီ ပထမတန်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်တယ်။ လေ့လာရတယ် သင်ယူရတယ် လေ့လာရင်းသင်ယူရင်းမှ လွှတ်တော်ကိုယ်စားလှယ်အလုပ်လုပ်ရတယ်။ မြန်မာပြည်မှာက မဖွံ့ဖြိုးတဲ့ဒေသဖြစ်နေသေးတဲ့အတွက် ဖွံ့ဖြိုးရေးကို အဓိကဦးစားပေးပြီး သွားရတယ်။ အဲချိန်ကျတော့ လုံးဝအားမရခဲ့ပါဘူး။ ကျမကိုယ်တိုင်အဆိုအောင်ခဲ့တဲ့ လမ်းတွေ ကြယ်ပွင့်မေးခွန်းမေးထားတဲ့လမ်းတွေကို အောင်မြင်မူလုံးဝ ၁ ရာခိုင်နူန်းတောင် မရှိဘူးလို့ ပြောလို့ရပါတယ်။

မေး – ဘာကြောင့် ၁ ရာခိုင်နူန်းတောင် မအောင်မြင်ရတာလဲ အဓိကဘာကြောင့်လဲ။
ဖြေ – နံပါတ် ၁က ဘတ်ဂျတ်ရဲ့ပေါ်လစီကကို ကုမ္မဏီသွားမလုပ်နိုင်တဲ့နေရာမျိုးတွေ ဌာနဆိုင်ရာတွေ ဒေသအခြေနေထိကို မသွားနိုင်တဲ့နေရာဒေသများတဲ့အတွက် မလုပ်နိုင်ခဲ့ဘူး။ နောက်တစ်ချက်က NLD အစိုးရလက်ထက်မှာ မြေပြန့်ဒေသမှာဘဲ ဒေသဖွံ့ဖြိုးရေးအောင် ကောင်းမွန်အောင်လုပ်နေတဲ့တွက် ဝေးလံခေါင်ဖျားတဲ့ဒေသမှာ ဘတ်ဂျတ်တွေ ထိထိရောက်ရောက်မရောက်ခဲ့တဲ့အတွက်ပါ။

မေး – အဲဆို လာမည့် လွှတ်တော်သက်တမ်းမှာကော ဘယ်လောက်ထိလုပ်နိုင်မယ်လို့ ယုံကြည်ထားလဲ။
ဖြေ – ပထမသက်တမ်း ၅နှစ်မှာ ကိုယ့်ရဲ့မကျွမ်းကျင်မူတွေကြောင့် ဘတ်ဂျတ်တောင်းတဲ့နေရာတွေမှာ ခေါင်းစဉ်တွေ မှန်အောင်မရှာနိုင်ခဲ့တာတွေအတွက် ဝန်ခံပါတယ်။ မသိတာကို သိတယ်လို့မလုပ်ပါဘူး။ ဒါပေမယ့် ဒုတိယသက်တမ်းမှာ ကိုယ်က ၅နှစ်လုံးလုံး သင်ယူလာတာဖြစ်တဲ့အတွက် အနည်းနဲ့အများကတော့ ခေါင်းစဉ်လေးကောင်းကောင်းရှာထားပြီး အဖြေလေးသေချာရှာတွေ့ထားပြီဖြစ်တဲ့တွက် သေချာပေါက်အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။

မေး – အမျိုးသမီးတစ်ယောက်အနေနဲ့လွှတ်တော်နိုင်ငံရေးလောကထဲ ရောက်လာတဲ့ချိန်မှာ ဘာတွေက အဓိကစိန်ခေါ်မူ ဖြစ်နေလဲ။
ဖြေ – အရင် လွှတ်တော်သက်တမ်းမှာ ကချင်ပြည်နယ်လွှွတ်တော်မှာ ပါတီပေါင်းစုံ အမျိုးသမီးလွတ်တော်ကိုယ်စားလှယ် ၅ ဦးရှိတယ်။ ဒီ အမျိုးသမီး ၅ယောက်က ဘယ်နေရာမှာမှ မရဘူး။ ဥပမာ ခေါင်းဆောင်မူပိုင်းမှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်ချရတဲ့အပိုင်းတွေမှာ မပေးပါဘူး။ တောင်းဆိုပါတယ် မပေးပါဘူး ကျမတို့အမျိုးသမီးတွေကိုလည်း တန်းတူအခွင့်အရေးပေးပါ။ ဥပမာ ကော်မတီမှာဆို ဥက္ကဌ သို့မဟုတ် အတွင်းရေးမှူး ၊ အတွင်းရေးမှူး ဆိုတာက ဆုံးဖြတ်ချက်ချလို့ရတဲ့သူမဟုတ်ဘူးလေ။ အဲတော့ ဆုံးဖြတ်ချက်ချလို့ရမယ့်နေရာမှာ နေရာတစ်ခုလည်း မပေးခဲ့ပါဘူး။ အဲကြောင့်မို့ လွှတ်တော်ထဲမှာတောင် ခွဲခြားမူရှိမှတော့ အပြင်လောကမှာ ပြောစရာမလိုတော့ဘူးလို့ ဒီလောက်ဘဲပြောတာကောင်းပါတယ်။

မေး – ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း ၅နှစ်တွင်းမှာ ကချင်ပြည်နယ်က အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အမျိုးသမီးကဏ္ဍကို ထိထိရောက်ရောက်လုပ်ဆောင်ပေးတာမျိုးမတွေ့ဘူး။ အန်တီ့အနေနဲ့ကော လာမည့်လွှတ်တော်သက်တမ်းမှာ အမျိုးသမီး ကဏ္ဍဘာတွေလုပ်ဆောင်ပေးဖို့ရှိလဲ။

ဖြေ – အန်တီက အမျိုးသမီးအရေးနဲ့ပတ်သက်ပြီးလေ့လာထားတာ သိပ်မရှိတဲ့အတွက် လွန်ခဲ့တဲ့ ၅နှစ်ကတော့ အမျိုးသမီးအရေးနဲ့ပတ်သက်ပြီး သိပ်မလုပ်ခဲ့ရဘူး။ ဘာဘဲဖြစ်ဖြစ် အန်တီက ယောကျာ်းတစ်ယောက်ကဲ့သို့ရှေ့ကိုဘဲ သွားနေတဲ့အတွက် မလုပ်ခဲ့ရဘူ။ ဒါပေမယ့် ဒီဒုတိယသက်တမ်းမှာတော့ အမျိုးသမီးရဲ့အကြောင်းအရာ လိုအပ်ချက်တွေကို သေချာလေ့လာပြီးတော့ လွှတ်တော်မှာအကောင်ထည်ဖော်ဆောင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

Show More

Related Articles

Back to top button