ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

တရားဝင် စာတင်ပြလာခြင်းမရှိသဖြင့် ဂါးရာယန်ဒေသခံအတွက် နေအိမ်ဆောက်ပေးရန်အစီစဉ်မရှိသေး

ဝိုင်းမော်မြို့နယ် ဂါးရာယန်၊ ကဇူး ကျေးရွာဒေသခံများ နေရပ်ပြန်ရေးနောက်ကျနေခြင်းမှာ တရားဝင်စာတင်ထားခြင်း မရှိသေးသည့်အတွက်ကြောင့် ဖြစ်သည်ဟု သိရသည်။

ဒေသခံများက နေရပ်ပြန်လိုကြောင်း တင်ပြလာပါက အမြန်ပြန်နိုင်အောင် ဆောင်ရွက်သွားဖို့ရှိတဲ့အကြောင်း ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC မှ ဆရာခါးလီ က ပြောသည်။

“ကျေးရွာဒေသခံများဆုံးဖြတ်ချက်ပေါ်မှာမူတည်မယ်။  ဒဘတ်ကျေးရွာကျတော့ ၂၀၁၉ ကနေ အစိုးရလူကယ်ပြန်ကို စာတင်ပြထားတဲ့အတွက် ကျွန်တော်တို့ပြန်တင်ပြတဲ့ခါ လွယ်ကူသွားတယ်။ ကဇူး နှင့် ဂါရာယာန်ကျေးရွာကျတော့ အခုချိန်ထိကျွန်တော်တို့ဆီမှာ စာတင်လာတာတွေမရှိသေးဘူး။ ဒါပေမဲ့ အခုသူတို့ စာရင်းတွေကောက်ပြီ။ အမှန်တကယ် သူတို့ပြန်ဖို့ဆုံးဖြတ်ပြီဆိုတဲ့ စာရောက်လာရင်တော့ အမြန်ပြန်နိုင်အောင် အစိုးရတွေနှင့်ဆွေးနွေးပြီး ဆောင်ရွက်သွားဖို့ရှိတယ်” ဟု ဆရာခါးလီ က ပြောသည်။

ဒဘတ်ကျေးရွာသည် ဂါးရာယန်နှင့် ကဇူးကျေးရွာထက် ပိုဝေးသောကျေးရွာဖြစ်သော်လည်း အစိုးရနှင့် KHCC တို့၏ အစီစဉ်ဖြင့် လာမည့်နှစ်ဆန်းပိုင်တွင် နေရပ်ပြန်နိုင်တော့မည်ဖြစ်ကာ လက်ရှိတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်သည်။

လက်ရှိချိန်ထိ ၎င်းတို့နေရပ်ပြန်ချိန် အိမ်ဆောက်ပေးမည့်အဖွဲ့မရှိသေးခြင်းနှင့် လုံခြုံရေးအခြေအနေကြောင့် နေရပ်ပြန်ရေးအစီစဉ် ကြန့်ကြာနေသည်ဟု ဂါးရာယန်ဒေသခံ ဦးဘရန်မိုင်က ယခုလို ပြောသည်။

“တချို့တွေကျတော့နာမည်စာရင်းထည့်ပြီးပြီ။ တချို့ကျတော့ မငြိမ်းချမ်းသေးဘူးဆိုပြီး အရမ်းစိတ်ညစ်နေတဲ့သူတွေအများကြီးရှိနေတယ်။ တချို့အိမ်က အိမ်တိုင်တွေဆို သခိုးတွေက နုတ်ယူသွားပြီ။ ဒီလိုအခြေအနေမှာပြန်ဖို့လုပ်လာပြီး အိမ်ကလည်းမဆောက်ပေးနိုင်ဘူးဆိုတော့ အရမ်းစိတ်ညစ်နေကြတယ်။” ဟု ပြောသည်။

သို့သော်လည်း လက်ရှိတွင် ဂါးရာယန်ဒေသခံများနေရပ်ပြန်နိုင်ရေးအတွက် ကျေးရွာအဆင့်ကော်မတီဖွဲ့စည်းထားကြောင်းနှင့် ၎င်းတို့ကော်မတီက စာရင်းကောက်ယူမှုများလုပ်နေပြီဖြစ်ကာ မကြာခင် အစိုးရ နှင့်KHCC ထံသို့ တင်ပြသွားမည်ဟု ဆိုသည်။

ကချင်စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်အခြေချရေးအတွက် တရုတ်နိုင်ငံက ယွမ် ၄ သန်းပေးလှူထားပြီး အဆိုပါငွေများကို မြန်မာအစိုးရ၏ စီမံမှုဖြင့် စာရင်းပေးထားသောစစ်ရှောင်များအနက် ဒဘတ်၊ တာလောကြီးနှင့် နမ်ဆန်ယန်ကျေးရွာတို့တွင် နေအိမ်များ ဆောက်လုပ်ပေးသွားမည်ဖြစ်သည်။

အလားတူ KBC နှင့် KMSS ကရုဏာအဖွဲ့တို့ကလည်း ၎င်းတို့၏ထောက်ပံ့ငွေများဖြင့် ကိုယ်စီ နေအိမ်များဆောက်လုပ်ပေးနေသည်ဟု သိရသည်။

ဂါရာယာန်ကျေးရွာသည် မြစ်ကြီးနား-ဗန်မော် ကားလမ်းမပေါ်တွင်တည်ရှိသောကျေးရွာဖြစ်ပြီး ဒဘတ်ကျေးရွာထက် ပိုမြင့်သော အခြေခံပညာ အထက်တန်းကျောင်းရှိခဲ့သည့် ကျေးရွာဖြစ်သည်။

ဒဘတ်ယာန်ကျေးရွာတွင် မူလတန်းအဆင့်ထိသာရှိသောကြောင့် ဂါးရာယာန်ကျေးရွာသည် မဖြစ်မနေ အမြန် နေရပ်ပြန်ရမည့်စာရင်းထဲတွင် ရှိနေကြောင်း ဆရာခါးလီက ထပ်မံ ပြောဆိုသည်။

အဆိုပါကျေးရွာများသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာတပ်မတော်တို့ကြား ၂၀၁၁ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် စွန်ပစ်ထားခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button