သတင်း

တရုတ်တစ်သျှူးငှက်ပျော် အမြန်သယ်ယူနိုင်ရေး ကားအစီးရေ ထပ်တိုးတောင်းဆိုထား

ဝိုင်းမော်မြို့နယ်ရှိ တရုတ်တစ်သျှူးငှက်ပျောများ အမြန်သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကားလုံလောက်မှု မရှိသေးဖြင့် ကားထပ်မံတောင်းဆိုထားသည်ဟု သီးနှံစိုက်ပျိုးထုတ်လုပ်သူအဖွဲ့မှ သိရသည်။

ကားလုံလောက်မှုရှိစေရန် နောက်ထပ် မြန်မာကားအစီး၂၀၀နှင့် တရုတ်ကား အစီး ၁၀၀ခန့် ထပ်မံသယ်ယူခွင့်ပြုရန် အစိုးရကို တင်ပြထားသည်မှာ ၁လကျော်ကြာလာသော်လည်း အမြန်ချမပေးသည့်အတွက် ကုမ္ပဏီနှင့်အကျိုးတူ ကျင်စား အလုပ်သမားများကြား ဖြစ်ပျက်နေသည့် ပြဿနာများကို ဖြေရှင်းပေးရန် ခက်ခဲလာနေကြောင်း ကချင်ပြည်နယ် သီးနှံစိုက်ပျိုး ထုတ်လုပ်သူများအသင်း ဥက္ကဌ ဦး La Rip က ပြောသည်။

“ဒီကာလမှာ ငှက်ပျောက ကြီးရင့်လာတဲ့အချိန်ဖြစ်နေပြီ။ ဒီဟာကို ထုတ်ယူဖို့ ကားလုံလုံလောက်လောက်မရှိတဲ့ အခြေအနေမှာ ဖြစ်နေတယ်။ ကားလုံလောက်မှုမရှိတဲ့အတွက် အစိုးရကိုပြန်ပြီးခွင့်ပြုပေးပါဆိုပြီး ကားအစီးအရေ ပြန်တောင်းဆိုထားတယ်။ အခုထိမကျသေးဘူး။ ၁လလောက်ရှိနေပြီ။ ရှိနေတဲ့ ကားတွေနဲ့ဘဲသွားနေရတော့ ငှက်ပျောသီး တွေက မည့်ပြီးပျက်စီး လာတယ်။ အဲ့ခါကျတော့ ကုမ္ပဏီနဲ့ အလုပ်သမားများကြား ကျင်စားပြဿနာဖြစ်လာတယ်။ ငှက်ပျောစိုက်ပျိုးတဲ့ ကျင်းစားတွေက တစ်ဦးမှာတောင် အပင်ပေါင်း ၃ထောင်ကျော်လောက်စိုက်ကြတယ်။ တစ်ချို့မိသားစုများတဲ့ သူတွေက တစ်ဦးမှာက အနည်းဆုံး အပင် ၁သောင်းလောက်ယူတဲ့သူတွေတောင်ရှိတယ်။ ဒီကုမ္ပဏီဘက်ကလည်း ငှက်ပျောရောင်းနိုင်မှ ကျင်စားပြဿနာ ဖြေရှင်းနိုင်မှာဖြစ်တယ်။ အဲ့ကြောင့် ကားများများထွက်နိုင်အောင် အရင်ဆုံးလုပ်ဆောင်ရမှာဖြစ်တယ်” ဟု ပြောဆိုသည်။

လက်ရှိ အစိုးရခွင့်ပြုထားသည့် ငှက်ပျောသယ်ယူပို့ဆောင်နေသည့် ကားအစီးရေမှာ မြန်မာကား အစီး ၃၀၀နှင့် တရုတ်ကား အစီး ၄၀၀ စုစုပေါင်း ၇၀၀နှင့်သာပြေးဆွဲနေရပြီး ကိုဗစ်ကာလမတိုင်ခင်က အစီး ၁ထောင်ကျော်ဖြင့် ပြေးဆွဲခဲ့ရကြောင်း သိရသည်။

အလုပ်သမားများ၏ ပြဿနာကြောင့် တာဝန်ခံသူဌေးများပင် ထွက်ပြေးတိမ်းရှောင်နေရသည့် အဆင့်ရှိနေပြီဟု  ဦး La Rip က ဆက်လက်ပြောဆိုသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါပျံ့နှံ့မှုကြောင့်နှင့် တစ်သျှူးငှက်ပျောနှင့်ပတ်သက်၍ တရားဝင် ဥပဒေပြဌာန်းချက်များ မရှိသေးသဖြင့် အရှုံးနှင့်ရင်ဆိုင်ကြုံတွေ့ရပြီး ကုမ္ပဏီကြီးတစ်ချို့ ထွက်ခွာဖို့ ပြင်ဆင်နေကြောင်းလည်း သီးနှံစိုက်ပျိုးထုတ်လုပ်သည့် အဖွဲ့ထံမှ သိရသည်။

တစ်သျှူးငှက်ပျောစိုက်ပျိုးရေးနှင့်ပတ်သက်၍ အစိုးရ၏ ကွပ်ကဲထိန်းချုပ်မှုအလွန်အားနည်းသည့်အတွက် အလုပ်သမားများ၏ လုပ်ခလစာပြဿနာ ပိုမိုရှုပ်ထွေးလာသောကြောင့် ရေရှည်တွင် ငှက်ပျောလုပ်ကိုင်သည့် ကုမ္ပဏီအများအပြားက ထွက်ခွာသွားနိုင်သည်ဟု ဝိုင်းမှော်ဒေသခံ တစ်ဦးဖြစ်သည့် ရှေ့နေ ဦးဂဲနက်စ် က ယခုလိုပြောဆိုသည်။

“ငှက်ပျောကလည်း ပြီးခဲ့တဲ့နှစ်တွေိနဲ့ယှဉ်ရင် အများကြီးဖြစ်ထွန်းပြီး အောင်မြင်တဲ့ အပိုင်းလည်း သိပ်မတွေ့ရတော့ဘူး။ ကုမ္ပဏီဘက်ကလည်း အရွေ့တစ်ခုဖြစ်အောင် ရေရှည်မှာ ဆုံးဖြတ်ပြီး ထွက်ခွာသွားနိုင်တဲ့ အခြေအနေရှိတယ်။ ကျနော်တို့မှာက မြေယာပြဿနာ အရမ်းကြီးမားလွန်းတယ်။ ပြတ်ပြတ်သားသားလုပ်ကိုင်တဲ့ ဥပဒေတွေအားနည်းနေတယ်။ နောက်ပြီးသူတို့က တိုက်ရိုက်မဟုတ်ဘဲ တိုင်းရင်းသားနာမည်တွေသုံးပြီး ကြားခံလုပ်နေတာတွေဖြစ်တဲ့အတွက် အလုပ်ရှင်နဲ့ အလုပ်သမားပြသနာအများအပြားရှိနေတယ်။ ” ဟု သုံးသပ်ပြောဆိုထားသည်။

ကချင်ပြည်နယ်အတွင်း တစ်သျှူးငှက်ပျောစိုက်ခင်း ဧက ၁သိန်းခွဲဝန်းကျင်နှင့် စိုက်ခင်းအတွင်း ကျင်စားအဖြစ်လုပ်ကိုင်နေသည့် အလုပ်သမားများ ၁သိန်းကျော်ခန့်ရှိသည်။ ထိုအထဲ ကုမ္ပဏီနှင့် အလုပ်သမားပြဿနာဖြစ်နေမှုမှာ ၇၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button