ရွေးကောက်ပွဲဆိုင်ရာသတင်း

NLD ပါတီ က ကချင် နိုင်ငံရေးပါတီများနှင့် စတင်တွေ့ဆုံမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မှ တိုင်းရင်းသားနိုင်ငံရေးပါတီများဖြင့်တွေ့ဆုံဆွေးနွေးသွားမည့်အစီစဉ်တွင် ပထမဆုံးအဖြစ် ကချင်ပြည်နယ်ကို လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့ နေပြည်တော် NLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှ သိရသည်။

ကချင်ပြည်နယ်ရှိ NLD ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီးနောက် တိုင်းရင်းသားနိုင်ငံရေးပါတီများဖြင့် ဆက်လက်တွေ့ဆုံသွားမည်ဖြစ်ကြောင်း တာဝန်ပေးခံရသော ၃ ဦးအဖွဲ့မှ ဦးအင်ထုံးခါးနော်ဆမ် ထံမှ သိရသည်။

“တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ဖြစ်တယ်။ အသေးစိတ်က ကျနော် မသိသေးဘူး။ ဒေါက်တာအောင်မိုးညိုဦးဆောင်တဲ့အဖွဲ့ က ၃၀ ရက်ည ဒီကိုရောက်မယ်။” ဟု ဦးအင်ထုံးခါးနော်ဆမ်က ကချင်သတင်းဌာ KNG ကို ပြောသည်။

တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံရန် NLD က တာဝန်ပေးထားသူများမှာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် နှင့် ကချင်ပြည်နယ် မြစ်ကြီးနားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ်တို့ဖြစ်သည်။

ကချင်ပြည်နယ်အပြီး မွန်ပြည်နယ်သို့ဆက်လက်သွားရောက်မည်ဖြစ်ပြီး ပြည်နယ် ၂ ခုရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ ဆွေးနွေးချက်များကို NLD ဗဟိုသို့ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်တွင် ပြည်နယ်လွှတ်တော် ၃ နေရာနှင့် ပြည်သူ့လွှတ်တော် ၁ နေရာအနိုင်ရရှိထားသော ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ပါတီ ဥက္ကဌ ဒေါက်တာမနမ်တူးဂျာကို မေးမြန်းကြည့်ရာ ထွေထွေထူးထူး ပြောပြစရာ မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

နောင်အနာဂတ်ပြည်ထောင်စုတည်ဆောက်ရာတွင် ၁၉၄၇ ပင်လုံကတိကဝတ်ကိုအခြခံသောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လိုကြောင်း KSPP က NLD ပါတီ၏ ဖိတ်ခေါ်မှုကို အကြောင်းပြန်ထားသည်။

Show More

Related Articles

Back to top button