သတင်း

၇၃ နှစ်မြောက် ကချင်ပြည်နယ်နေ့ ပြည်နယ်အစိုးရအစီစဉ်ဖြင့်သာ ကျင်းပမည်

(၇၃) နှစ်မြောက် ကချင်ပြည်နယ်နေ့ကို ကိုဗစ်-၁၉ ရောဂါအခြေနေအရ ပြည်နယ်အစိုးရ၏ လမ်းညွှန်ချက်ဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီမှ သိရသည်။

“ဒီနှစ်ကတော့ ကိုဗစ်ဖြစ်နေတဲ့အတွက် ကျနော်တို့ ကချင်ရိုးရာယဉ်ကျေးမူဗဟိုကော်မတီနှင့် မျိုးနွယ်စုဝင်(၆)မျိုးစလုံး ဆွေးနွေးပြီးတော့ ပြည်နယ်အစိုးရရဲ့လမ်းညွှန်ချက်အတိုင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ပြီးစာတင်လိုက်ပြီ။ ဘာကြောင့်လဲဆိုရင် ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီလုပ်ဆောင်ရမယ် ပြီးတော့ ဒါက ရောဂါကြောင့်မို့ မဖြစ်မနေလိုက်နာရမှာမို့ ဒီလိုလုပ်ရခြင်းဖြစ်တယ်။” ဟု WHG ဥက္ကဌ ဆရာကြီး ဦးလှနူးက ပြောသည်။

နှစ်စဉ် ဇန်နဝါရီလ (၁၀) နေ့ ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်မျိုးနွယ်စုဝင်များအပြင် ရှမ်းတိုင်ရင်းသားမျိုးနွယ်စုဝင်များနှင့် ကချင်ပြည်နယ်တွင်း မှီတင်းနေထိုင်ကြသည့်တိုင်းရင်းသားများ ကျင်းပကြသည်။

ပြီးခဲ့သည့် ၂၀၂၀ ကချင်ပြည်နယ်နေ့တွင်လည်းဈေးရောင်းပွဲတော်ဖြင့်သာကျင်းပခဲ့ကြပြီး ဖေဖော်ဝါရီလတွင် လူငယ်မနောင်အကအဖြင့် ဆက်လက်ပြုလုပ်ခဲ့သည်။

ပြီးခဲ့သောနှစ် မနောင်ကွင်းတွင် ခြိမ့်ခြိမ့်သဲသဲ ပွဲကျင်းပခဲ့သည်နည်းတူ ယခုနှစ်တွင် ကျင်းပနိုင်မည်မဟုတ်ကြောင်းနှင့် ကချင်ပြည်နယ်အစိုးရရံုံးအဝင်းတွင် လူဦးရေ (၁၃၆) ခန့်ဖြင့်သာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးအတွင်းရေးမှုး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ညွန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။

“ရောဂါအခြေနေကြောင့်မို့ ကျန်းမာရေးလမ်းညွှန်ချက်နဲ့ Social distancing နဲ့ တစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာဆိုရင် အစီအစဉ်အရ လူဦးရေအလွန်ဆုံး (၁၅၀) လောက်ဘဲ ဆန့်မယ်။ အဲဒါကြောင့် ဒီနှစ်တော့ အစိုးရရုံးမှာဘဲ ကျင်းပဖို့စီစဉ်ထားပါတယ်။ အခမ်းအနားတက်ရောက်ဖို့တော့ မျိုးနွယ်စုတစ်စုချင်းစီက လူ ၂နှစ်ဦးသာ တက်ရောက်ဖို့အတွက် ဖိတ်ကြားသွားမှာဖြစ်တယ်။” ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဇော်ကပြောသည်။

ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် သမ္မတ၏ သဝဏ်လွှာကိုသာ ဖတ်ကြားမည်ဖြစ်ပြီး ညစာစားခြင်း၊ အကပဒေသာများ၊ ကဗျာရွတ်ခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်း ဆက်လက်ပြောဆိုသည်။

၁၉၄၈ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် ၆ ရက်အကြာတွင် ဇန်နဝါရီလ (၁၀)နေ့အား ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ပေးလိုက်သည်။

Show More

Related Articles

Back to top button