ရွေးကောက်ပွဲဆိုင်ရာသတင်း

NLD နှင့် ကချင်တိုင်းရင်းသားပါတီများတွေ့ဆုံမည့်အစီစဉ် Party to Party မဟုတ်ဘဲ အနိုင်ရကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်းသာဖြစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပထမဆုံးအကြိမ် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံမည့်အစီစဉ်တွင် Party to Party တွေ့ဆုံခြင်းမဟုတ်ပဲ အနိုင်ရ ကိုယ်စားလှယ်များဖြင့် တွေ့ဆုံခြင်းသာဖြစ်သည်ဟု သိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့ (မနက်ဖြန်) မြစ်ကြီးနားမြို့ရှိ NLD ပြည်နယ်ရုံးချုပ်တွင် တွေ့ဆုံမည့်အစီစဉ်မှာ အနိုင်ရကိုယ်စားလှယ်များဖြင့် တွေ့ဆုံခြင်းသာဖြစ်ပြီး ပါတီကိုယ်စားပြု တွေ့ဆုံခြင်းပုံစံမဟုတ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP မှ ဆွမ်ပရာဘွမ်မြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်နေရာတွင် အနိုင်ရရှိထားသော ဦးအင်ရှန်ဆန်အောင် က ပြောသည်။

“လုံခြုံရေးအရ Party to Party တွေ့ဖို့ အခြေအနေမရှိသေးဘူး။ အနိုင်ရကိုယ်စားလှယ်တွေနဲ့ပဲတွေ့ဖို့၊ ဒါက ပဏာမတွေ့ဆုံမှုဖြစ်တယ်ဆိုပြီးပဲ ပြောတယ်။ လုံခြုံရေးအရ အရမ်းရှုပ်ထွေးနေတဲ့အတွက် နားလည်ပေးပါဆိုပြီးမှ ပြောလာတယ်။ KSPP ကတော့ ပါတီအနေနဲ့ တွေ့ဆုံစီစဉ်ထားပေမယ့် သူတို့ဘက်ကတော့ အနိုင်ရကိုယ်စားလှယ်တွေနဲ့ပဲဆိုတော့ နည်းနည်းတော့ ကွဲလွဲနေတယ်။” ဟု ပြောသည်။

တွေ့ဆုံမည့်နေရာကိုလည်း NLD ရုံးမဟုတ်ဘဲ အခြားနေရာတစ်ခု၌သာ တွေ့ဆုံလိုကြောင်း ပြောဆိုထားသည်ဟု သိရသည်။

ယခုတွေ့ဆုံမှုသည် ပါတီကိုယ်စားပြုမဟုတ်သောကြောင့် နောက်ဆက်တွဲအရာများမှာ တွေ့ဆုံမည့် ကိုယ်စားလှယ်များနှင့်သာ သက်ဆိုင်ကြောင်း KSPP ပါတီ မှ ဒု ဥက္ကဌ (၂) ဦးကွမ်ကရောင် အောင်ခမ်း က ပြောသည်။

“ဟိုတစ်ခေါက်ကတော့ KSPP ကို လိပ်မူပြီး စာပို့လာတယ်။ အခုတစ်ခေါက်တော့ လွှတ်တော်ကိုယ်စားလှယ်ကိုပဲ ဆိုတော့ ကျနော်တို့က မလိုလားဘူး။ ပါတီနဲ့တွေ့ရမယ်။ ပါတီ ဆုံးဖြတ်ချက်အတိုင်းပဲ ဖြစ်ရမယ်။ အခုတစ်ခေါက်ကတော့ ဖြစ်လာမယ့် အကျိုးဆက်ကိုတော့ ပါတီဗဟိုအလုပ်အမှုဆောင်ကတော့ တာဝန်မယူနိုင်ဘူး” ဟု ဦးအောင်ခမ်း က ပြောသည်။

အနိုင်ရပါတီတစ်ခုဖြစ်သော ဒူးလေးပါတီမှ အနိုင်ရ ကိုယ်စားလှယ် ၂ ဦးသည် ဖိတ်ခေါ်ခံထားရသော်လည်း လက်ရှိအချိန်ထိ မည်သည့်ခေါင်းစဉ်ဖြင့် ဖိတ်ခေါ်ထားသည်ကို မသိရသေးကြောင်းကချင်ပြည်နယ် လီဆူရေးရာဝန်ကြီးနေရာတွင်အနိုင်ရရှိထားသော ဒူးလေးပါတီ ဥက္ကဌ ဦးရွှေမင်းက ပြောသည်။

“ကိုယ်စားလှယ်ကို ဖိတ်တဲ့သဘောပဲ။ တွေ့ဆုံရအောင်ပဲပြောတယ်။ ဘာခေါင်းစဉ်လဲမသိဘူး။ သူတို့က နဂိုဖွဲ့ထားတဲ့ ၃ ဦးကော်မတီနဲ့တွေ့ဖို့ ဖိတ်ခေါ်တယ်။ ဒါပဲသိတယ်။ တခြားခေါင်းစဉ် မသိတော့ ဘာမှ မစီစဉ်ထားဘူး။ သိပ်နားမလည်ဘူး။” ဟု ပြောသည်။

တွေ့ဆုံပွဲအတွက် ဖိတ်ခေါ်ရာတွင် ဖိတ်စာဖြင့်မဟုတ်ဘဲ ဖုန်းနဲ့သာ ဖိတ်ခေါ်ထားသည်ဟု ဦးရွှေမင်းက ဆက်လက်ပြောဆိုသည်။

ဒီမိုကရေစီပါတီသစ်(ကချင်) NDP-K ပါတီကလည်း ပါဝင်မည်ဖြစ်ပြီး မေးခွန်းမေးမြန်းခွင့်ရရှိပါက NLD ပါတီက ပြောဆိုနေသော ‘ဒီမိုကရေစီဖက်ဒရယ်’ အကြောင်းမေးမြန်းကာ ‘ဖက်ဒရယ်ဒီမိုကရေစီ’ ကို လိုလားကြောင်း တင်ပြသွားမည်ဟု ပါတီ ဥက္ကဌ ဦးတိန့်ဆောင်က ဆိုသည်။

တွေ့ဆုံဆွေးနွေးရာတွင် Party to Party မဟုတ်ဘဲ အနိုင်ရ ကိုယ်စားလှယ်များဖြင့်တွေ့ဆုံဖို့ရန်သာ ညွန်ကြားလိုက်သောကြောင့် ယခုလို ဖိတ်ခေါ်ရခြင်းဖြစ်သည်ဟု NLD ကဖွဲ့စည်းထားသော ၃ ဦးကော်မတီမှ ဦးအင်ထုံးခါးနော်ဆမ် က ပြောသည်။

“ပြည်နယ်ကတော့ ဒီမှာနေရာကျယ်တယ်။ သီးသန့်ဖြစ်တဲ့အပြင် အခြားအပြင်လူလည်းမပါဘူး။ ကျနော်တို့ဘက်ကတောင် သတ်မှတ်ထားတဲ့တချို့ပဲပါမယ်။ ဒါကြောင့် ပြည်နယ်ရုံးမှာ မနက် ၉ နာရီတွေ့ဖို့ပြောလိုက်ပြီ။ နိုင်တဲ့ပါတီက ကိုယ်စားလှယ်တွေဆိုပြီးပဲ ပြောလိုက်တဲ့အတွက် ကျနော်တို့ဒီမှာ အဲလိုပဲ လိုက်ခေါ်တဲ့သဘောဖြစ်တယ်။” ဟု ပြောသည်။

ကချင်ဒေသခံပါတီများအနိုင်ရထားသော နေရာများမှာ KSPP ပါတီသည် ပြည်သူ့လွှတ်တော် ၁ နေရာ နှင့် ပြည်နယ်လွှတ်တော် ၃ နေရာ၊ ဒီမိုကရေစီပါတီသစ် ကချင် NDP(K) သည် အမျိုးသားလွှတ်တော်နှင့် ပြည်နယ် ၁ နေရာစီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီ SNLD ပြည်နယ် ၁ နေရာ၊ ဒူးလေးပါတီမှ ပြည်နယ် ၁ နေရာနှင့် ရေးရာဝန်ကြီး ၁ နေရာ၊ တသီးပုဂ္ဂလ ၁ နေရာ စသည့် စုစုပေါင်း ၁၀ နေရာတွင် အနိုင်ရရှိထားသည်။

ရွေးကောက်ပွဲအနိုင်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တိုင်းရင်းသားပါတီများနှင့် ပတ်သက်ပြီး သဘောထားထုတ်ပြန်ခဲ့ရာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် အဖွဲ့ချုပ်အနေဖြင့် မမှိတ်မတုန်ဆက်လက်ကြိုးပမ်းသွားရန်နှင့် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားပါတီများထံသို့ ပေးပို့ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်အပြီးတစ်လအကြာ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် ၃ ဦးကော်မတီကို ဖွဲ့စည်းခဲ့သည်။ အဆိုပါ ၃ ဦးမှာ ဒေါက်တာအောင်မိုးညို(ခေါင်းဆောင်)၊ နန်းခင်ထွေးမြင့် နှင့် ဦးအင်ထုံးခါးနော်ဆမ်တို့ ဖြစ်သည်။

Show More

Related Articles

Back to top button