မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ဖားကန့်တွင် သံသတ္တုတစ်မျိုး တူးဖော်ရန် ပြည်ထောင်စုအစိုးရ စီစဉ်နေ

ကချင်ပြည်နယ် ဖားကန့် ကသိုင်းတောင် (Kaseng Bum) တွင် သံအမျိုးစားသတ္ထုတစ်မျိုး Uranium တူးဖော်ရန်အတွက် ပြည်ထောင်စုအစိုးရကလုပ်ဆောင်နေသော်လည်း ဒေသခံဌာနေသားတို့၏ အမြင်သဘောထားရယူမှု မရှိသေးကြောင်း သိရသည်။

နိုင်ငံတော်ဘတ်ဂျက် လိုအပ်ချက်အရ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စုရှိ ကသိုင်းတောင် (Kaseng Bum) တွင် သံသတ္ထုတူးဖော်ရန် ပြည်နယ်အစိုးရကို သဘောထားတောင်းဆိုထားကာ ပြည်နယ်အစိုးရကလည်း ကန့်ကွက်ရန် မရှိကြောင်း တင်ပြထားသည်ဟု သိရသည်။

လက်ရှိ ဖားကန့်ဒေသတွင် စက်ယန္ထရားကြီးများဖြင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများလုပ်ကိုင်နေသည့်အပြင် ထပ်မံပြီး သံသတ္တုတူးဖော်ရန်လုပ်ဆောင်လာသဖြင့် စီမံကိန်းကို မလိုလားကြောင်း ဖားကန့်ဌာနေတိုင်းရင်းသားတစ်ဦးဖြစ်သော ဦး Lamawng La Tawng က ယခုလိုပြောသည်။

“ကျနော်တို့ဖားကန့်က တစ်နေ့ပြီးတစ်နေ့ သယံဇာတထုတ်ယူတဲ့အပိုင်းမှာ ပိုပိုဆိုးလာတယ်။ အဲ့တော့ ဆိုးကျိုးက ဘာလဲဆိုတော့ ဥရုချောင်းဆို နှစ်တိုင်းရေကြီးရေလျံဖြစ်တယ်။ အရင်တုန်းက စိမ်းစိုလှတဲ့တောင်တွေိဆိုရင် ချိုင့်ခွက် ဖြစ်ကုန်ပြီ။ ပြန်ပြီးမှ စီမံကိန်းကြီးတွေ ပြန်ပြီးလုပ်မယ်ဆိုရင်တော့ ကျနော်တို့ ဌာနေတိုင်းရင်းသားတွေအတွက် ဘာမျှော်လင့်လို့မရတော့တဲ့ အခြေအနေဖြစ်နေပြီ”ဟု ပြောဆိုသည်။

ကသိုင်းတောင် (Kaseng Bum) ကို ယခင်အစိုးရအဆက်ဆက် ဘူမိဗေဒနည်းများဖြင့် လေ့လာစမ်းသပ်ချက်အရ သံသတ္ထု ပါဝင်မှုနှုန်း ၅.၅၆ ရာနှုန်းပါဝင်နေပြီး သံသတ္ထု၏ တန်ချိန်ပေါင်း သန်း ၂၀၀ကျော်ခန့်ရှိနေသည့်အတွက် စီးပွားအဖြစ် ထုတ်လုပ်ရန် အလွန်သင့်တော်သောကြောင့် ပြည်ထောင်စုအစိုးရကအကောင်ထည်ဖော်လာခြင်းဖြစ်သည်ဟု သိရသည်။

“ကသိုင်းတောင်က အရင်အစိုးရလက်ထက် ကတည်းကနေ နိုင်ငံတော်ရဲ့စီးပွားရေး အရံသတ္တုသိုက်အဖြစ် သတ်မှတ်ထားတယ်လို့ သိရသည်။ အဲဒါကို အခုနိုင်ငံတော်ရဲ့ဝင်ငွေတွေပြန်ပြီးလိုအပ်လာတာဖြစ်တဲ့အခြေအနေဖြစ်တဲ့အတွက် စီးပွားရေး လုပ်ငန်းရှင်တွေကို တင်ဒါခေါ်ပြီးလုပ်ကိုင်ဖို့ အကောင်အထည်ဖော်လာတော့မယ်ကိုသိရတယ်။ အဲ့ကြောင့် ပြည်နယ်အစိုးရရဲ့ အမြင်သဘောထားကို တင်ပြပေးဖို့ တောင်းဆိုထားတယ်”ဟု ကချင်ပြည်နယ် သဘာဝသယံဇာတဝန်ကြီး ဦးဒရှီလဆိုင်းက ပြောသည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းအရ စနစ်တကျ လုပ်ဆောင်သွားမည်ဆိုပါက ကန့်ကွက်ရာမရှိကြောင်း ပြည်ထောင်စုအစိုးရကို ပြည်နယ်အစိုးရဘက်က သဘောထားပေးထားသည်ဟု ဦးဒရှီလဆိုင်းက ဆက်လက်ပြောဆိုသည်။

“ပြည်နယ်အစိုးရအနေနဲ့က သူ့ရဲ့လုပ်ထုံးလုပ်နည်းအရသာ ကိုက်ညီစွာဆောင်ရွက်သွားမယ်ဆိုရင် ကန့်ကွက်စရာ အကြောင်းမရှိဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့ သယံဇာတဆိုတာက လိုအပ်လို့ ထုတ်ယူဖို့အတွက် နိုင်ငံတော် ကနေ စီမံခန့်ခွဲနေတဲ့အပေါ်မှာ ကန့်ကွက်ရာမရှိဘူးလို့ သဘောထားပေးထားတယ်” ဟု ဆိုသည်။

ပြည်ထောင်စုအစိုးရအနေနဲ့ ပြည်နယ်အစိုးရ၏ သဘောထားချက်ရယူပြီးနောက်ပိုင်း ရင်းနှီးမြုပ်နှံလိုသည့် လုပ်ငန်းရှင်များကို တင်ဒါစနစ်ဖြင့် ခေါ်ယူကာ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု သယံဇာတဝန်ကြီးက ပြောသည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး လက်ရှိဖော်ဆောင်နေသည့်အဆင့်၊ အသေးစိတ်အကြောင်းအရာများကို ဖားကန့်ဌာနေတိုင်းရင်းသားများအား ချပြခြင်းမရှိသလို သဘောထားရယူမှုလည်းမရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထို့ကြောင့် လိုအပ်ပါက ကော်မတီဖွဲ့ပြီး ကန့်ကွက်သွားမည်ဟုလည်း ဒေသခံများက ပြောဆိုနေကြသည်။

ဖားကန့်ဒေသတွင် ယူရေနီယမ်အမျိုးအစားသံသတ္တုတူးဖော်ရန် လွန်ခဲ့သည့် စစ်အစိုးရလက်ထက် ၂၀၀၈ ခုနှစ်ခန့်တွင်လည်း ရုရှားကုမ္ပဏီတစ်ခုက ဥရုချောင်းတွင် စမ်းသပ်မှုများပြုလုပ်ခဲ့ဖူးကြောင်း ယခင်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး လက်ရှိ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၏ ဒု ဥက္ကဌ -၂ ဖြစ်သူ ဦးကွမ်ရောင်အောင်ခမ်းက ယခုလိုပြောသည်။

“လွန်ခဲ့တဲ့ ၂၀၀၈ တုန်းကတည်းက ကျနော်တို့ ကန့်ကွက်ခဲ့တယ်။ အဲချိန်ကတော့ KDNG မှာ အလုပ်လုပ်နေတယ်။ ရုရှားကုမ္ပဏီတစ်ခုက ယူရေနီယမ်တူးဖော်ဖို့ပြင်တယ်လို့ ကြားတယ်။ အခုတဖန် ပြည်နယ်အစိုးရဘက်ကလည်း တူးဖော်မှု ပြန်လုပ်မယ်ဆိုတော့ ကျနော်က ပါတီဘက်ကိုရောက်သွားပေမယ့် ဒီအချိန်မှာ ဒါကို လက်မခံဘူး။ ကျနော်တို့နိုင်ငံက ဖက်ဒရယ်ကိုသွားဖို့ပြင်နေဆဲဖြစ်တယ်။ ကိုယ့်ပြည်နယ် ကိုယ့်ကံကြမ္မာကို ဖန်းတီးနိုင်ခွင့်မရှိသေးဘူး။ ဒီအချိန် ဘယ်သူလုပ်လုပ် ဗဟိုအစိုးရဖြစ်ဖြစ်၊ ပြည်နယ်အစိုးရဖြစ်ဖြစ် ၊ ကချင်အီလစ်တွေပါတဲ့ ကုမ္ပဏီပါဝင်တာဖြစ်ဖြစ် ဒါကို လက်မခံဘဲ ကန့်ကွက်သွားမှာပါ။” ဟု ဦးကွမ်ကရောင်အောင်ခမ်း က ပြောဆိုသည်။

၂၀၀၈ ခုနှစ်ခန့်က ဖားကန့်ဒေသတွင် Uranium တူးဖော်ရန် စမ်းသပ်မှုများပြုလုပ်ခဲ့သည်မှန်သော်လည်း ၂၀၁၁ ခုနှစ် ကချင်ပြည်နယ်တွင် တိုက်ပွဲပြန်ဖြစ်လာသောကြောင့် အဆိုပါစီမံကိန်းများ ရုပ်သိမ်းသွားခြင်းဖြစ်နိုင်သည်ဟု သူက ဆက်လက်ပြောဆိုသည်။

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်ဒေသသည် ကမ္ဘာ့အဖိုးတန် ကျောက်စိမ်းနှင့် ရွှေထွက်အပြင် သယံဇာတမျိုးစုံ ထွက်ရှိသော ဒေသဖြစ်သည်။

အလားတူ လက်ရှိ ကသိုင်းတောင် (Kaseng Bum) သည်လည်း သယံဇာတမျိုးစုံထွက်ရှိသော နေရာဖြစ်သည်ဟု ဒေသခံများက ပြောသည်။

Show More

Related Articles

Back to top button