Covid-19 Reportingသတင်း

အင်ဂျန့်ယာန် KIO နယ်မြေအဝင်ဂိတ်တစ်ခုတွင် Covid-19 ပိုးတွေ့ရှိသဖြင့် ၁၄ ရက်အဝင်အထွက်ပိတ်

အင်ဂျန့်ယာန်မြို့နယ်ရှိ လက်ရှိ KIA ထိန်းချုပ်နယ်မြေအဝင်ပေါက် ဇွပ်မိုင်ယာန်ကျေးရွာ၏ ကျန်းမာရေးစစ်ဆေးဂိတ်တွင် ကိုဗစ်ပိုးတွေ့လူနာတစ်ဦး တွေ့ရှိခဲ့သဖြင့် ဇန်နဝါရီလ ၁၀ရက်နေ့မှစ၍ လူအဝင်အထွက် ပိတ်ထားလိုက်ပြီဖြစ်ကြောင်းသိရသည်။

ဇန်နဝါရီလ ၈ရက်နေ့ မြစ်ကြီးနားမှ တက်လာသည့် အသက် ၁၅နှစ်အရွယ်ရှိ လူငယ်အမျိုးသားယောကျာ်လေး တစ်ဦးထံတွင် ကိုဗစ်-၁၉ပိုး တွေ့ရှိခဲ့သောကြောင့် ဇွပ်မိုင်ယာန်ကျန်းမာရေးစစ်ဆေးဂိတ်ကို ရက်ပေါင်း ၁၄ရက်အဝင်အထွက်ပိတ်ထားပြီ ဖြစ်ပြီး အနီးတဝိုက်ရှိ ကျေးရွာ ၃ခုကိုလည်း အသွားအလာမရှိအောင် Quarantine ကန့်သတ်ထားကြောင်း KIO ကိုဗစ်ကာကွယ်တိုက်ဖျက်ရေးအဖွဲ့က ဗိုလ်မှူးကြီး ဦးဟိန်းဝေါမ်က ပြောဆိုသည်။

“Check Point မှာ ကိုဗစ်ပိုးတွေ့တော့ သွားလာလို့မရအောင်ပိတ်ထားပြီ။ နောက်ပြီး အနီးနားမှာရှိတဲ့ ကျေးရွာ ၃ခုဖြစ်တဲ့ ဇွပ်မိုင်ယာန်၊ ကောင်ရာ၊ လရှီယာန် တို့မှာရှိကြတဲ့ ဒေသခံပြည်သူတွေကို ဒီအတောအတွင်း လုံးဝအပြင်မထွက်အောင် Quarantine ပုံစံနဲ့ထားတယ်။ ပြီးရင်တခြားက လူတွေကိုလည်း ဘယ့်သူ့ကိုမှ မဝင်ခိုင်းတော့ဘူး”ဟု ပြောသည်။

ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့သည့် ပိုးတွေ့လူနာမှာ မြစ်ကြီးနား ပလနနယ်မြေအတွင်းရှိ စိန်ဂျိုးဇက်စစ်ရှောင်စခန်းက စစ်ရှောင်တစ်ဦးဖြစ်ပြီ လက်ရှိတွင် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံနေရခြင်းဖြစ်သည်။

အဆိုပါ ဇွပ်မိုင်ယာန် Check Point တွင် စစ်ဆေးချက်အရ ပိုးတွေ့ရှိခဲ့သူအပါအဝင် ၄ဦးရှိပြီး ကျန် ၃ဦးမှာ ရောဂါမတွေ့ရှိ ခဲ့သဖြင့် လက်ရှိ ဇွပ်မိုင်ယာန်အတွင်းရှိ Quarantine စင်တာတွင် ရက်ပေါင်း ၁၄ရက်စောင့်ကြည့်ရန် သီးသန့်ထားရှိထားကြောင်း သိရသည်။

ပိုးတွေ့လူနာမှာ ပလန စစ်ရှောင်စခန်းကဖြစ်သော်လည်း ထိုသူနဲ့ ထိတွေ့သူများကို စစ်ဆေးရာ ရောဂါပိုးမတွေ့ရှိရကြောင်း သိရသည်။

KIA ထိန်းချုပ်နယ်မြေသို့သွားလာရသော အဝင်ပေါက်ဂိတ်များအားလုံးတွင် ကျန်းမာရေးစစ်ဆေးဂိတ်များထားရှိပြီး လက်ရှိ ကချင်ပြည်နယ်တွင်လည်း ရောဂါကူးစက်ခံရသူဦးရေမြင့်တက်လာသည့်အတွက် အရေးပေါ်ကိစ္စမှအပ သွားလာဖြတ်သန်းခြင်း ခွင့်မပြုသေးကြောင်း သိရသည်။

Related Articles

Back to top button