သတင်း

လွယ်ဂျယ် မြန်မာနယ်စပ်တွင် တရုတ်ဘက်မှ သံတိုင်စိုက်ထူလာမှုကို ကန့်ကွက်ထား

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ တရုတ်နိုင်ငံနယ်စပ်တွင် တရုတ်ဘက်မှသံတိုင်စိုက်ထူပြီး နယ်စပ်ခြံစည်းရိုး ခတ်လာသည့်အတွက် ကန့်ကွက်စာ ပို့ထားကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

တရုတ်နိုင်ငံဘက်မှ ဇန်နဝါရီလ ၁၀ ရက်နေ့ မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်နိမိတ် နယ်ခြားမှတ်တိုင် အမှတ်(၄၉/၂) နှင့် ၁၀မီတာအတွင်း မြေညီကွန်ကရက် ခုံပေါ်တွင် အရှည် ၁၀ပေခန့်ရှိ သံတိုင်များ စိုက်ထူလာသည့်အတွက် မြန်မာ – တရုတ် နှစ်နိုင်ငံ သံတမန်နည်းလမ်းအရ ညှိနိူင်းဆောင်ရွက်ပြီး သဘောတူခွင့်ပြုချက်ရမှသာ ဆောင်ရွက်သွားရန် တရုတ်နိုင်ငံ၊ လုံချွမ်းခရိုင်၊ကျန်းဖုန်းမြို့ ပြည်သူ့အစိုးရဌာနသို့ လိပ်မူပြီး မြန်မာဘက်မှ ကန့်ကွက်စာ ပေးခဲ့ကြောင်း သိရသည်။

“ဒီဘက်က ကချင်ပြည်နယ်ဘက်ကတော့ ကန့်ကွက်စာပို့ထားတယ် ဒါပေမယ့် သူတို့ရဲ့နယ်နမိတ် နယ်စပ်မျဉ်းရဲ့ ၁၀မီတာ သူတို့ရဲ့နယ်နိမိတ်တွင်းမှာကာတာ မြန်မာဘက်တော့မရောက်ပါဘူး။ ဒါပေမယ့် အမှန်ကတော့ နယ်စပ်မှာ ခြံစည်းရိုးကာမယ်ဆိုရင် သူတို့ဘက်ကိုကာမယ်ဆိုရင်လည်း နှစ်နိုင်ငံသဘောတူမှ ကာရတာပေါ့။” ဟု ပြည်နယ်ညွန်ကြားရေးမှုးချုပ် ဦးဇော်ဇော်က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင်လည်း နှစ်နိုင်ငံနယ်နိမိတ် မှတ်တိုင်အမှတ်(၅၀/၂)နှင့်(၅၁/၂)အကြားတွင် အကျယ်(၁)ပေ (၆)လက်မ မြေအနက် ၂ပေခန့် ပေအရှည်(၉၅၀) ခန့် မြောင်းတူးဖော်ခြင်းနှင့် နယ်နမိတ်မှတ်တိုင်အမှတ်(၅၁/၂) နှင့်(၅၁/၂)အကြား ပေအကျယ်မျက်နှာပြင် ၁ပေ ၆လက်မ၊စုစုပေါင်း အရှည်ပေ ၁၁၀၀ ရှိသည့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းအား တရုတ်ဘက်မှ လုပ်ကိုင်လာခဲ့သည်။

ထို့ကြောင့် အဆိုပါကိစ္စအား လွယ်ဂျယ်အုပ်ချုပ်ရေးမှူး၊ မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး သက်ဆိုင်ရာဌာနဆိုင်ရာများ သွားရောက်ကွင်းဆင်းခဲ့ပြီး ကန့်ကွက်စာပေးခဲ့သည့်အတွက် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တရုတ်ဘက်မှမြေပြန်လည် ဖို့ပေးခဲ့ကြောင်း သိရသည်။

“ဒီလိုကန့်ကွက်ထားတဲ့အကြောင်းကိုလည်း ပြည်ထောင်စုအစိုးရဆီကို တင်ပြထားပါတယ်။ အဓိကတော့ နယ်စပ်မှာဖြစ်တာမို့ ဘာပဲလုပ်လုပ် နှစ်နိုင်ငံသဘောတူညီမူရမှ လုပ်ဆောင်ရမှာပါ။”ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ကပြောသည်။

လွယ်ဂျယ်မြို့သည် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ကချင်ပြည်နယ်တွင်းရှိ တရုတ်နယ်စပ်မြို့ဖြစ်ပြီး ယခုကဲ့သို့ တရုတ်နိုင်ငံဘက်မှ နယ်စပ်ကြား ခြံစည်းရိုးကာခြင်းများအား နှစ်နိုင်ငံ တိုင်ပင်ကာလုပ်ဆောင်ခြင်းမဟုတ်ဘဲ ခြံခတ်လာခြင်းများ မကြာခဏ ရှိနေသည်။

Show More

Related Articles

Back to top button