စစ်ပြေးဒုက္ခသည်များသတင်း

ယခုနှစ်နွေရာသီတွင် စစ်ရှောင်အိမ်ထောင်စု ၇၀၀ ကျော်နေရပ်ပြန်ရန် KBC စီစဉ်နေ

ယခုနှစ်ဧပြီလအမှီ ကချင်စစ်ရှောင် အိမ်ထောင်စု ၇၃၃ စုကို နေရပ်ပြန်နိုင်ရေးအတွက် နေအိမ်ဆောက်လုပ်မှုများပြုလုပ်နေပြီဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ပြောသည်။

ဒေသအားဖြင့် ချီဖွေ၊ မိုးမောက်၊ မံစီ၊ မြစ်ကြီးနား၊ ပူတာအို၊ ဝိုင်းမော်၊ ဖားကန့်၊ နမ့်ခမ်း စသည့် မြို့နယ် ၈ ခုဖြစ်ပြီး ထိုအထဲတွင်ကျေးရွာ ၂၇ရွာနှင့် အိမ်ထောင်စု ၇၄၅စု၊ စုစုပေါင်းလူဦးရေ ၄၀၅၂ ဖြစ်ကြောင်း သိရသည်။

ကချင်စစ်ရှောင်များနေရပ်ပြန်ရေးလုပ်ဆောင်နေမှု လုပ်ငန်းနှင့်ပတ်သက်ပြီး ဇန်နဝါရီလ ၁၅ရက်နေ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရုံးချုပ် သတင်းစာရှင်လင်းပွဲတွင် ဖွံ့ဖြိုးရေးတာဝန်ခံ ဦးခါးလီက ပြောဆိုသွားခြင်း ဖြစ်သည်။

“စစ်ရှောင်တွေနေရပ်ပြန်ဖို့အတွက် ကျနော်တို့မှာရည်ရွယ်ချက်ရှိပါတယ်။ အမှီခိုကင်းပြီး အဓိပ္ပါယ်ပြည့်ဝသည့် လူသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ဂုဏ်သိက္ခာရှိစွာ အသက်ရှင်နေထိုင်ခွင့်ရရှိရန် ဖြစ်တယ်။ နောက်ပြီး စစ်ဘေးရှောင် ပြည်သူများအတွက် နိုင်ငံတော်က ချမှတ်ထားတဲ့ နေရပ်ပြန်ရေးနဲ့ ပြန်လည်နေရာချထားရေးမူဝါဒတွေ၊ နိုင်ငံတကာ စံချိန်စံညွန်းများနဲ့အညီ လုံခြုံစွာ နေရပ်ပြန်နိုင်ရေးကူညီဆောင်ရွက်ပေးရန်အတွက်ဖြစ်တယ်” ဟု ဦးခါးလီက ပြောဆိုသွားသည်။

၎င်းမြို့နယ်အတွင်းမှ နေရပ်ပြန်ရန်ပါဝင်သည့် ကျေးရွာများမှာ ချီဖွေမြို့နယ်တွင် ရစ်ကျော်၊ နဘုတ်၊ ဂျိတ်လွယ် စသည့်အိမ်ထောင်စု ၇၁ စုမှ လူဦးရေ ၄၅၂ ၊ မိုးမောက်မြို့နယ်တွင် ကျောက်စခန်း၊ ဝဝမ်၊ ကျခန်းဒတ်၊ ဒေါ့ဖုန်းယန်၊ နွမ်လန်း၊ အူထန်ယန်၊ ဂွယ်ဂထောင် စသည့်အိမ်ထောင်စု ၁၈၀ မှ လူဦးရေ ၉၂၆ ၊ မံစီမြို့နယ်တွင် ဂါးရာယန်ကျေးရွာမှ အိမ်ထောင်စု ၁၀ စု လူဦးရေ ၆၁ ၊ မြစ်ကြီးနားမြို့နယ်တွင် တိုင်လွမ့်၊ ဒါဆိုင်း၊ ရေကြည်၊ တယန်ဇွပ် စသည့်အိမ်ထောင်စု ၉၈ မှ လူဦးရေ ၂၇၀ ၊ ပူတာအိုမြို့နယ်တွင် ဆွတ်ဂျိန်ကျေးရွာ(ဇီဒမ်း)အိမ်ထောင်စု ၇၆ လူဦးရေ ၃၆၉ ၊ ဝိုင်းမော်မြို့နယ်တွင် ဒဘတ်ယန်၊ လုမြန်၊ ဂေါ့နန်၊ လဖိုင်၊ မန်ရှန်၊ နောလန်၊ လုဂျီ၊ ဖုန်ကရော် အိမ်ထောင်စု ၂၉၃ လူဦးရေ ၁၆၇၉ ၊ ဖားကန့်တွင် လိုင်နောင်ခူး အိမ်ထောင်စု ၆) လူဦးရေ ၃၁ ၊ နန့်ခမ်းမြို့နယ်တွင် မော်ဆွေ အိမ်ထောင်စု ၁၁ လူဦးရေ ၅၂ တို့ဖြစ်ကြသည်။

နေရပ်ပြန်ပို့ပေးမည့် စစ်ရှောင်ပြည်သူများကို စားဝတ်နေရေးအတွက် အစားအသောက်များကို ၆လမှ ၇အထိ ထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး အသက်မွေးဝမ်းကြောင်းအတွက် ဒေသနှင့်ကိုက်ညီသော အခွင့်အလမ်းများကို လုပ်ဆောင်ပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။

ထို့နောက် လုံခြုံရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်နှင့်ပတ်သက်ပြီး မိုင်းရှင်းလင်းရေးကို ကျေးရွာ၏ အများ ပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင်သာ ဦးစားပေးရှင်းလင်းသွားမည်ဖြစ်ပြီး ရွာအပြင်ဘက် နေရာများကို စစ်ရှောင်များ လုပ်ကိုင်စားသောက်သည့် ပေါ်မူတည်၍ ထပ်မံရှင်းလင်းပေးရန် အစိုးရနှင့်တပ်မတော်တို့ဖြင့် ညှိနှိုင်းထားသည်ဟု ဦးခါးလီ က ယခုလိုပြောဆိုခဲ့သည်။

“ဒီမိုင်းရှင်းလင်းရေးကိုတော့ အများနဲ့ဆိုင်တဲ့ ရွာနေရာတွေမှာအရင်ရှင်းမှာဖြစ်တယ်။ ဒါပေမယ့် လယ်ယာမြေတွေကို ကျတော့ သူတို့သွားရောက်သွားမှ သူတို့လုပ်ကိုင်တဲ့အပေါ်မှာမူတည်ပြီးမှသာ ပြန်ပြီးဆောင်ရွက်ခိုင်းမယ်။ ဘာကြောင့်လဲဆိုတော့ စစ်ရှောင်တစ်ချို့က ချက်ချင်းပြန်ချင်တဲ့သူတွေရှိတယ်။ တစ်ချို့လယ်ယာမြေတွေက အရမ်းကျယ်တယ်။ ရှင်းလင်းရေးကို ဘဲလုပ်နေမယ်ဆိုရင် နှစ်နဲ့ချီသွားနိုင်တယ်။ အဲ့တော့ နေရပ်ပြန်တဲ့နေရာမှာ ကြန့်ကြာမှုတွေဖြစ်လာနိုင်တယ်။ ဒါကြောင့် ပြန်နိုင်အောင်ဆိုတဲ့ အပေါ်မှာမူတည်ပြီး ရွာအတွင်းမှာဘဲ မိုင်းရှင်းလင်းရေး အရင်ဆောင်ရွက်ပေးမယ်ဖြစ်တယ်”ဟု ပြောဆိုသည်။

KBC က စစ်ရှောင်များနေရပ်ပြန်ဖို့ အသုံးပြုနေသည့်ငွေကြေးများမှာ ဂျပန်အစိုးရနိပွန်ဖောင်ဒေးရှင်းက ထောက်ပံ့ထားသည့် ဒေါ်လာ ၅သန်းမှ ၂သန်းခွဲ စတင်အသုံးပြုနေခြင်းဖြစ်ပြီး စစ်ရှောင်များ၏ အဆောက်အဦးများ ဆောက်လုပ်ရာတွင် အိမ် ၁လုံးကို မြန်ကျပ်ငွေ သိန်း ၄၀နှင့် ၅၀ကြားအသုံးပြုနေခြင်းဖြစ်ကြောင်း ပြောဆိုသည်။

၂၀၁၉ခုနှစ်တွင်လည်း အစိုးရနှင့်ပူးပေါင်းပြီး ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာနှင့် ဖားအောမ်ကျေးရွာကို ပထမအကြိမ် နေရပ်ပြန်ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

KBC မှနေရပ်ပြန်ရေးဆောင်ရွက်နေသောလုပ်ငန်းများမှာ ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC အစီစဉ်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရပါသည်။

Show More

Related Articles

Back to top button