သတင်း

ဖားကန့် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို တပ်မတော်က ဂုဏ်သိက္ခာညိုးနွမ်းစေမှု ဥပဒေဖြင့် တရားစွဲဆိုထား

ကချင်ပြည်နယ် ဖားကန့်မြို့နယ် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) အရာရှိတစ်ဦးက ဂုဏ်သိက္ခာညိုးနွမ်းစေမူ ရာဇသတ်ကြီးဥပဒေပုဒ်မ (၅၀၀)ဖြင့် တရားစွဲဆိုထားကြောင်း တရားစွဲခံထားရသူဘက် ရှေ့နေ ဦးသိန်းထွန်း ထံမှ သိရသည်။

“တရားစွဲထားတာက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး သန်းထိုက်ဖြစ်ပါတယ်။ စွဲဆိုရတဲ့အကြောင်းအရင်းက တပ်မတော်ကို ဂုဏ်သိက္ခာကျအောင်ရေးသားတယ်ပြောဆိုသောကြောင့် တရားစွဲဆိုခြင်းဖြစ်တယ်ဆိုပြီး သိရတယ်။” ဟု ရှေ့နေဦးသိန်းထွန်းက ပြောသည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဖမ်းဆီးရမိခဲ့သော ဘက်ဟိုးယာဉ်၊ မော်တော်ယဉ်ကိစ္စနှင့် ပတ်သက်ပြီး ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဖားကန့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က တင်ပြချက်တစ်ခုပေးပို့ခဲ့သည်။

အဆိုပါ တင်ပြစာတွင် တပ်မတော်အကြီးအကဲများ၏ ဂုဏ်သိက္ခာညိုးနွမ်းထိခိုက်စေရန် မဟုတ်မမှန်တင်ပြခဲ့သည့်အတွက် ဥပဒေအရ အရေးယူပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဒုတိယဗိုလ်မှူးကြီး သန်းထိုက်မှ တရားလိုပြုကာ ဖားကန့်မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်တိုင်ကြားထားခြင်းဖြစ်ကြောင်း ရှေ့နေဦးသိန်းထွန်းကဆိုသည်။

ဖားကန့်မြို့နယ်တရားရုံးမှလည်း ယင်းအမှုကို ရာဇဝတ်ကြီး အမှတ် ၅၈၁/၂၀၂၀၊ ပုဒ်မ ၅၀ဝဖြင့် လက်ခံခဲ့သည်။ ပထမအကြိမ်ရုံးချိန်းဖြစ်သော ဇန်နဝါရီလ ၈ရက်နေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က အာမခံလျှောက်ထားခဲ့သည့်အတွက် တရားရုံးက အာမခံပေးထားကြောင်း သိရသည်။

ဒုတိယအကြိမ်ရုံးချိန်းမှာ လာမည့် ဇန်နဝါရီလ (၁၈)ရက်နေ့ဖြစ်ပြီး တရားလိုပြသက်သေများကို စစ်သွားမည်ဟု သိရသည်။

“လာမယ့် ရုံးချိန်းမှာကတော့ တရားလိုပြသက်သေတွေကို စစ်ဖို့အတွက် အချိန်ဇယားဆွဲမှာဖြစ်ပါတယ် အဲနေ့က အမူစစ်မှာမဟုတ်သေးဘူး။” ဟု ရှေ့နေဦးသိန်းထွန်းက ပြောသည်။

တရားစွဲဆိုခံထားရသည့် ဖားကန့်မြို့နယ်မှ ဦးခင်မောင်မြင့်(ခ) ဦးချိုသည် ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး လက်ရှိချိန်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည့်အပြင် ၂၀၂၀ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်လည်း ထပ်မံအနိုင်ရရှိထားသူဖြစ်သည်။

Show More

Related Articles

Back to top button