ရွေးကောက်ပွဲဆိုင်ရာသတင်းအင်တာဗျူး

‘အကောင်းဆုံးက ညှိနှိုင်းအဖြေရှာပြီး လုပ်ဆောင်စေချင်တယ်’ ဦးကွမ်ကရောင်အောင်ခမ်းဖြင့် တွေ့ဆုံမေးမြန်းခြင်း

ပြီးခဲ့သည့်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲစာရင်းမှားယွင်းမှုဖြစ်နိုင်သော စာရင်းများကို တပ်မတော်က ထုတ်ပြန်နေသည့်အပြင် ထပ်မံ စစ်ဆေးရန်လည်း တောင်းဆိုနေသည့် အချိန်ဖြစ်သည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ ပြုလုပ်ခဲ့သော တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်အနေဖြင့် အာဏာမသိမ်းဘူးဟု ယူဆလို့မရကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောဆိုမှုအပေါ် ကချင်ဒေသခံ ပါတီတစ်ခုဖြစ်သော ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ပါတီ ဒု ဥက္ကဌ ဦးကွမ်ကရောင်အောင်ခမ်း၏ အမြင်ကို ဖော်ပြထားပါသည်။

မေး – တပ်မတော်က ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲစာရင်းမှားယွင်းမူတွေကို ထုတ်ပြန်နေတယ်။ အခုနောက်ပိုင်းဆို ထုတ်ပြန်ချက်တွေ ပိုပြီးစိပ်လာတယ်လို့ပြောလို့ရတယ်။ ဒီဟာက တပ်မတော် ဘယ်လမ်းကြောင်းကို ဦးတည်နေတယ်လို့ ယူဆနိုင်ပါသလဲ။
ဖြေ – ပြောဖို့တော့ခက်နေတယ်။ ဘာဖြစ်လို့လဲဆိုရင် တပ်မတော်အနေနဲ့သူပြောနေတဲ့ဟာက သူ့အနေနဲ့ပါဝင်ပတ်သက်ဖို့ ကြိုးစားနေတဲ့အပိုင်းတွေဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူ့လုပ်ဆောင်နေတဲ့အချက်ကိုကြည့်ချင်းအားဖြင့် အခြေခံဥပဒေဟာ သူတို့ရေးဆွဲတဲ့ဟာဖြစ်နေတော့သူ့တို့အနေနဲ့ပါဝင်ဖို့ ကြိုးစားနေတဲ့ပုံစံဖြစ်တယ်လို့ မြင်နေရတယ်။

မေး – တပ်မတော်ဘက်က ထုတ်ပြန်ချက်တောက်လျှောက်ထုတ်ပြန်နေပေမယ့်လည်း UEC ဘက်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်သာ အပြီးအပြတ်ဖြစ်တယ်ဆိုပြီးပြောတယ်။ နှစ်ဖက်စလုံးက ဥပဒေဘောင်အတွင်း လုပ်ဆောင်နေတယ်ဆိုပြီး ပြောတဲ့အနေအထားတွေ့နေရတယ်။ ဒီပေါ်မှာသုံးသပ်ပေးပါအုံး။
ဖြေ – နှစ်ဖက်စလုံးက ဥပဒေဘောင်အတွင်းလုပ်ဆောင်နေကြတယ်ဆိုပြီးတော့ ပြောနေတာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်လိုရာအဓိပ္ပါယ်ဖွင့်ပြီး ပြောနေကြတယ်လို့မြင်တယ်။ ဒါကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အားနည်းချက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့အမြဲပြောနေတာက ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ကိုပြန်လည်ရေးဆွဲဖို့ တင်ပြနေတာဖြစ်တယ်။ အခုပုံစံမျိုးက ကြံံ့ခိုင်ဖွံ့ဖြိုးရေးကလည်း သူတို့အလိုကျရေးဆွဲခဲ့တဲ့ဟာကို ပြင်ဆင်ဖို့ကလည်း ကြိုးစားနေတယ်။ ဒါပေမယ့် လက်ရှိ NLD ကလည်း အာဏာရတဲ့အချိန်မှာ သူကိုယ်တိုက်ကကလည်း အဲဒီဟာကို မပြင်ဘဲနဲ့သူကိုယ်တိုင်ကိုင်စွဲပြီးမှ သွားနေတယ်လို့မြင်တယ်။

မေး – ဒီတိုင်းဆက်သွားမယ်ဆိုရင် ရှေ့ဆက်ထိပ်တိုက်ရင်ဆိုင်မူတွေဖြစ်လာနိုင်လား။ ထိပ်တိုက်ရင်ဆိုင်မူဖြစ်လာရင် ဘာတွေဆက်ဖြစ်လာနိုင်လဲ။
ဖြေ – အဲနေရာမှာ ကျနော်တို့အမြင်ကိုပြောရရင် တပ်မတော်နဲ့ NLD အစိုးရဟာ ထိပ်တိုက်ဖြစ်လာတယ်လို့မြင်တယ်။ ထိပ်တိုက်ရင်ဆိုင်မူရဲ့နောက်ကွယ်မှာ အဓိကပြည်သူလူထုဟာ အခက်ခဲတွေနဲ့ကြုံလာမယ့် အပိုင်းတွေဖြစ်တယ်။ အချင်းချင်းအားပြိုင်မူမှာ ပြည်သူတွေခက်ခဲများစွာဖြစ်လာနိုင်တယ်။

မေး – တပ်မတော်ရဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာဆိုရင် ဖွဲ့စည်းပုံအခြေခံကို ကိုးကားပြီးတော့ ထုတ်ပြန်ထားတာတွေ့ရတယ်။ ပြီးတော့ ဇန်နဝါရီလ ၂၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာလည်း တပ်မတော်အနေနဲ့ အာဏာမသိမ်းနိုင်ဘူးဆိုပြီး ယူဆလို့မရနိုင်ကြောင်း ဖြေဆိုထားတာတွေ့ရတယ်။ အဲတော့ ရှေ့ဆက်ဘယ်လိုတွေဖြစ်လာနိုင်လဲ။
ဖြေ – တစ်ခုရှိနိုင်တာကတော့ အာဏာသိမ်းမလား ဒါမှမဟုတ်ဥပဒေအကြောင်းအရ ထိန်းသိမ်းလာနိုင်လားဆိုတဲ့အပိုင်းကို စဉ်းစားစရာအချက်တွေဖြစ်လာနိုင်တယ်။ တစ်ကယ်လို့ ခုလိုတိုင်ပင်ညှိနိူင်းဆောင်ရွက်မူမျိုး မရှိဘူးဆိုရင်လည်း (၅)နှစ်ဘာမှလုပ်လို့မရဘူး။ အဲဒီဟာလည်းအစိုးရဘက်ကနေစဉ်းစားရမယ့်အချက်ဖြစ်တယ်။ အာဏာထိန်းပြီးမှ သွားမယ်ဆိုရင်လည်း (၂)နှစ်တိတိသွားရမယ့် ကိစ္စဖြစ်တယ်။ ဒါပြီးမှ ဘာမှရလဒ်ရှိမှာမဟုတ်ဘူး။ အဲတော့ ဒီတိုင်းရှေ့ဆက်သွားရင် အာဏာသိမ်းမူတွေကတော့ ဖြစ်လာနိုင်ခြေရှိပါတယ်။ အာဏာသိမ်းမူတွေဖြစ်လာမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း ပျက်ပြယ်သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ၁၉၄၇ ခုနှစ်ကရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၁၉၆၂ ခုနှစ်အာဏာသိမ်းတဲ့အခါ ပျက်ပြယ်သွားတယ်။ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းတွေကို ပြန်ကြည့်မယ်ဆိုရင် အာဏာသိမ်းလိုက်ပြီဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေလည်း ပျက်ပြယ်သွားနိုင်တယ်။

မေး – အာဏာသိမ်းတာဖြစ်ဖြစ် အာဏာထိန်းသိမ်းဖြစ်ဖြစ် အဲလိုအခြေနေရောက်လာမယ်ဆိုရင်ကော တိုင်းရင်းသားတွေလိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီခရီးဟာ ဘယ်လိုဆက်ဖြစ်လာနိုင်လဲ။
ဖြေ-အဲလိုအာဏာသိမ်းမူတွေ အာဏာထိန်းသိမ်းတဲ့ဟာဖြစ်ဖြစ် ဖြစ်လာပြီဆိုရင် ဒီမိုကရေစီလမ်းကြောင်းအတွက် အဟန့်အတားကြီးဖြစ်လာနိုင်တယ်။ ကျနော်တို့တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ခရီးဟာ အင်မတန်မှစိုးရိမ်ရတဲ့အခြေအနေ ဖြစ်သွားလိမ့်မယ်။

မေး- ဆရာတို့ တိုင်းရင်းသားပါတီအနေနဲ့ကော လက်ရှိဖြစ်နေတဲ့အပေါ် ဖြည့်စွပ်ပြောချင်တာလေးရှိရင် ပြောပေးပါအုံး။
ဖြေ – NLD ကလည်း ဖြေရှင်းလို့ရရဲ့သားနဲ့ မဖြေရှင်းဘဲသွားတယ် စစ်တပ်ကလည်း ဖြေရှင်းလို့ရဲ့သားနဲ့မဖြေရှင်းဘဲနဲ့ သွားတယ်ဆိုရင် ပြသာနာတွေ နောက်ဆုံး သူတို့နှစ်ဖွဲ့မှာပဲ တာဝန်ရှိတယ်လို့ပြောလိုပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ၊ ပြည်သူတွေ အမှန်တစ်ကယ်လိုချင်တဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကြီးကိုတော့သွားဖို့လိုတယ်။ အဲဒီမှာအားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းနဲ့သွားရင်တော့ ပိုကောင်းပါတယ်။ ခုပုံစံမျိုးနဲ့ NLDကလည်း သူသွားချင်တဲ့ပုံစံ သူလုပ်ချင်တဲ့ပုံစံနဲ့သွားနေတယ်။ စစ်တပ်ကလည်း ထိုနည်းလည်းကောင်းဘဲ ဒီလိုသာဆက်သွားမယ်ဆိုရင် အကျိုးရလဒ်က အနာဂတ်အတွက်ဖြစ်ဖြစ် ခုလက်ရှိအတွက်ဘဲဖြစ်ဖြစ် ရလဒ်ကောင်းရမှာမဟုတ်ဘူး။ အဲတော့ အကောင်းဆုံးက ညှိနှိုင်းအဖြေရှာပြီး လုပ်ဆောင်စေချင်တယ်။

Show More

Related Articles

Back to top button