သတင်း

ကချင်ပြည်နယ် အစိုးရအဖွဲ့ တင်ဒါအောင်မြင်သော ကုမ္ပဏီများကို ထပ်မံ စစ်ဆေးပေးရန် KSPP တောင်းဆို

၂၀၂၀ -၂၀၂၁ ကချင်ပြည်နယ်အတွင်း အစိုးရမှ ငွေလုံးငွေရင်းဖြင့်ဆောင်ရွက်မည့်လုပ်ငန်းအတွက် တင်ဒါအောင်မြင်သူများစာရင်းတွင် အဂတိလိုက်စားမှု ရှိ မရှိ စစ်ဆေးပေးရန် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ပါတီ လူငယ်အဖွဲ့က တောင်းဆိုထားသည်။

အဆိုပါ တင်ဒါအောင်မြင်သည့်ကုမ္ပဏီစာရင်းတွင် ဒေသခံလုပ်ငန်းရှင်များကို ဦးစားပေးမှု အားနည်းနေခြင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သက်မှု ရှိမရှိ ပြန်လည်စစ်ဆေးပေးရန် KSPP လူငယ်ဌာနအဖွဲ့က ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ ဇန်နဝါရီလ ၁၅ ရက်နေ့က တောင်းဆိုထားသည်။

“ပြည်နယ်ဒေသခံလုပ်ငန်းရှင်တွေကို ဦးစားပေးမှုအားနည်းနေပြီး အခြားသူတွေကိုပဲ ဦးစားပေးထားတယ်။ ကချင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းမှာ အဓိကအခြေခံအဆောက်အဦး တည်ဆောက်ရေးလုပ်ငန်းပိုင်းမှာ နောက်ဆို ကချင်ပြည်နယ်က ဒေသခံတွေ လုပ်ငန်းမရှိသလောက်ဖြစ်သွားနိုင်ပါတယ်။” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) လူငယ်ရေးရာကော်မတီ ခေါင်းဆောင်း ဦးနော်ခုန့်က ပြောသည်။

အစိုးရအနေဖြင့် ကချင်ဒေသခံ ကုမ္ပဏီများကို ပိုမို ပြုစုပျိုးထောင်သင့်ကြောင်း ဦးနော်ခုန့်က ထောက်ပြ ပြောဆိုသည်။

အဆိုပါတောင်းဆိုစာတွင် ကုမ္ပဏီ ဒါရိုက်တာတစ်ဦးတည်းက တင်ဒါအောင်သည့်ကုမ္ပဏီ တစ်ခုထက်မပါတွင် ပါဝင်နေခြင်း စသည့်အကြောင်းအရာကို စိစစ်ပေးရန် တောင်းဆိုထားသည်ကို တွေ့ရသည်။

ကချင်ဒေသခံများအလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန်နှင့် ကချင်ပြည်နယ်အတွင်း ဝင်ငွေလည်ပတ်စီးဆင်းမှု အားကောင်းလာစေရန် ဒေသခံ ကုမ္ပဏီများကို ဦးစားပေးသင့်ကြောင်း ထပ်မံ တောင်းဆိုထားသည်။

၂၀၂၀ -၂၀၂၁ ဘဏ္ဍရေးနှစ်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း( ၃၈) ခု အတွက် တင်ဒါအောင်ကုမ္ပဏီများစာရင်းကို ဇန်နဝါရီလ (၈) ရက်နေ့ထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button