စစ်ပြေးဒုက္ခသည်များသတင်း

အောင်လောဒ်ဒေသခံ စစ်ရှောင်များ မူလဒေသသို့ နေရပ်ပြန်ရန် ဆုံးဖြတ်

လက်ရှိ မြစ်ကြီးနား ဂျော်မဆပ် စစ်ရှောင်စခန်းတွင်ခိုလှုံနေကြသော ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ နယ်မြေ၊ အောင်လောဒ့်ဒေသခံများသည် ၃ နှစ်ကြာ စစ်ရှောင်ခဲ့ပြီးနောက် မူလနေရပ်သို့ ပြန်ရန်ဆုံးဖြတ်လိုက်ပြီဟု သိရသည်။

မူလဒေသသို့ပြန်မည်ဆိုသော်လည်း ယခင်က အောင်လောဒ့်ကျေးရွာတွင်ပြန်လည်နေထိုင်မည်မဟုတ်ဘဲ အဆိုပါကျေးရွာမရောက်ခင် ဆွတ်ရာယန်နှင့် ဆွတ်ရိန်ယန် စသည့်ကျေးရွာများတွင် အားလုံး စုပေါင်းနေထိုင်ရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

“ဒါကြောင့် KHCC နှင့် အစိုးရနှစ်ဖက် ဆွေးနွေးညှိနှိုင်းပြီး သဘောတူမယ်ဆိုရင်က ကျွန်မတို့ စစ်ရှောင်တွေအားလုံး အခုဒီ ဗမာ့တပ်မတော် ယာယီတပ်စခန်းချထားတဲ့ ဆွတ်ရိန် ဆွတ်ရာမှာက အိမ်ခြေ ထောင်ဂဏန်း ဝင်နိုင်သည့်အပြင် ကျွန်မတို့ရဲ့ရှေ့ရေး၊ ကလေးတွေရဲ့ ရှေ့ရေး၊ ပညာရေး၊ ဖြတ်သန်းသွားလာရေး ပိုအဆင်ပြေတဲ့ ဆွတ်ရိန် ဆွတ်ရာမှာဘဲ အားလုံးသဘောတူ နေရပ်ပြန်နေမယ်လို့ ဆုံးဖြတ်ထားတယ်။” ဟု အောင်လောဒ့်ကျေးရွာ ဒေသခံ ဂျော်မဆပ်စစ်ရှောင်စခန်း ဒုတာဝန်ခံ ဒေါ်ဘောမ်မျှော်က ပြောသည်။

အောင်လောဒ်ကျေးရွာသည် ဆွတ်ရာယန်မှ ၃ မိုင်ခန့်ကွာဝေးကာ သွားလာရေးအတွက် ခက်ခဲသည့်အပြင် နှစ်စဉ်ရေကြီးရေလျံမှုနှင့် ရေတိုက်စားမှု ပုံမှန်ဖြစ်နေသောကြောင့် ယခုလိုလီဒိုလမ်းမနှင့်နီးစပ်သော ကျေးရွာ ၂ ခု၌ အခြေချရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

ဒေသခံ စစ်ရှောင်များ နေရပ်ပြန်နေထိုင်မည့် အဆိုပါ ဆွတ်ရာ ဆွတ်ရိန် ကျေးရွာတွင် လက်ရှိ မြန်မာ့တပ်မတော်က တပ်စခန်းချထားသည့်အတွက် ၎င်းတပ်စခန်းအား ဖြုတ်ပေးစေလိုကြောင်း တောင်းဆိုထားသည်။

“ကျွန်တော်တို့ ဒေသမှာ တပ်စခန်း ဂိတ်ချမှတ်ထားတဲ့ တပ်မတော်စစ်တပ်ကိုလည်း ရွှေ့ခိုင်းလိုက်စေချင်တယ်။ ဘာကြောင့်လဲဆိုရင် နဂိုတည်းကလည်း ကျွန်တော်တို့နေရာဆိုတော့ ခု သူတို့တပ်စခန်းချထိုင်နေရင်က ကျွန်တော်တို့အတွက် စိတ်မွန်းကြပ်စေတယ်။ လုပ်ကိုင်စားသောက်တဲ့နေရာမှာလည်း မလွတ်လပ်ဘူး။ သွားလာရေးမှာလည်း ခက်ခဲစေတယ်။ ဒါကြောင့် သူတို့ထိုင်နေရင်က လွတ်လွတ်လပ်လပ် မဖြစ်ဘူး။ ဒါ့အပြင် ဒီဘက်က တစ်မျိုးပြောလိုက် ဟိုဘက်က တစ်မျိုးပြောလိုက်နဲ့ ကြားမှာ နေရခက်နေမယ်ကိုတွေးမိတယ်။ ဒါကြောင့် သက်ဆိုင်ရာမှ ညှိနှိုင်းပေးပြီး တပ်စခန်းချထားတာကို ဖြုတ်ပေးစေလိုတယ်။” ဟု အောင်လောဒ်ဒေသခံ စစ်ရှောင်ပြည်သူ ဦး အင်ဗွေ ဘရန်ရှောင်က ပြောသည်။

သို့ဖြစ်ပြီး အောင်လောဒ်ဒေသသည် စစ်ပြေးခဲ့သည့်နှစ်မှစ၍ ကုန်းလမ်းပိုင်း ပိတ်ထားခဲ့ကာ ရေလမ်းဖြင့်သာ သွားလာတာဖြစ်သဖြင့် စစ်ရှောင်ဒေသခံများ နေရပ်ပြန်မည့်အချိန်တွင် အဆိုပါ ကုန်းလမ်းအားလည်း ဖွင့်ပေးရန်နှင့် ၎င်းတပ်စခန်းအား ဖြုတ်ပေးရန် တောင်းဆိုကြခြင်းဖြစ်သည်။

အောင်လောဒ်ဒေသခံ စစ်ရှောင်ပြည်သူများ နေရပ်ပြန်မည့်ကိစ္စနှင့်ပတ်သက်ပြီး ဇန်နဝါရီ ၂၆ ရက်နေ့ ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC ကိုတင်ပြခဲ့ရာ KHCC ဘက်ကလည်း ပြန်လည် ညှိနှိုင်းပြီး အကြောင်းပြန်မည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

အောင်လောဒ်ဒေသမှ စစ်ရှောင်ပြည်သူများသည် ၂၀၁၈ ခုနှစ် မြန်မာ့တပ်မတော်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ ကို ထိုးစစ်ဆင်ခဲ့သောကြောင့် ထွက်ပြေးလာသူများဖြစ်သည်။

တိုက်ပွဲကြောင့် အောင်လောဒ်ဒေသခံများသည် လက်ရှိတွင် မြစ်ကြီးနား နောင်နန်း ဂျော်မဆတ် စစ်ရှောင်စခန်း၊ တနိုင်းမြို့ရှိ RC စစ်ရှောင်စခန်းနှင့် လဝါးစစ်ရှောင်စခန်းတို့တွင် ခိုလှုံနေကြသည်။ ၎င်းတို့ အားလုံးသည် ၎င်းတို့မူရင်းဌာနေကျေးရွာဖြစ်သော အောင်လောဒ်ဒေသ ဆွတ်ရာ ဆွန်ရိန်ကျေးရွာတွင်သာ စုပေါင်းအခြေချလိုခြင်းဖြစ်သည်။

Show More

Related Articles

Back to top button