ရွေးကောက်ပွဲဆိုင်ရာသတင်းအင်တာဗျူး

‘၂၀၂၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေးတို့ အဲဒီဟာတွေကျနော်တို့ စိတ်မဝင်စားဘူး။’ Dr. M Kawn La ကို ဆက်သွယ်မေးမြန်းခြင်း

တပ်မတော်က နိုင်ငံတော်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ (၁)ရက်နေ့မှစကာ တိုင်းရင်းသားနိုင်ငံရေးပါတီများအား ‘နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ’ တွင်ပါဝင်ရန် ကမ်းလှမ်းမူများရှိနေကြောင်း တိုင်းရင်းသားပါတီများထံမှ သိရသည်။

အာဏာသိမ်း စစ်ကောင်စီ၏ ကမ်းလှမ်းချက်နှင့်အတူ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျင်းအပေါ် ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) ၏ သဘောထားအမြင်နှင့်ပတ်သက်ပြီး ပါတီဥက္ကဌဒေါက်တာကောန်လ ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး-ဆရာတို့ပါတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ပေဖို့ ကမ်းလှမ်းခဲ့ပြီးပြီလား။
ဖြေ- ဖေဖော်ဝါရီလ(၃)ရက်နေ့ကတည်းက နိုင်ငံတော်သမ္မတရုံးကနေပြောပါတယ်။ အဲဒါတော့ ပြည်ထောင်စုနိုင်ငံတော် စီမံအုပ်ချုပ်မူကော်မတီမှာပါဖို့ သူတို့တောင်းတာပါ။ အဲဒါ Cabinet ထဲထည့်ရင်ထည့်မယ် (နစက)ဗဟိုအဖွဲ့ထဲမှာလည်း ထည့်ရင်ထည့်မယ် အဲလိုတောင်းပါတယ်။ နောက်တစ်ခုက (၄)ရက်နေ့ကျတော့ ကချင်ပြည်နယ်အစိုးရ Cabinet အဖွဲ့ဝင်အဖြစ် လုပ်ဖို့ကမ်းလှမ်းတာရှိတယ်။ ကျနော်က (၂)ခုလုံးကို ငြင်းလိုက်ပါတယ်။

မေး-ငြင်းခဲ့ရတဲ့ အကြောင်းအရင်းကိုလည်း ပြောပေးပါအုံး။
ဖြေ- ကျနော်တို့နိုင်ငံရေးလုပ်တယ်ဆိုတာ နေရာယူဖို့မဟုတ်ဘူး နိုင်ငံရေးလုပ်ဖို့သက်သက်ဖြစ်တယ်။ နိုင်ငံရေးလုပ်ဖို့သက်သက်ဆိုတဲ့ဟာက အဓိပ္ပါယ်ကလူထုရဲ့ Mandate နဲ့သွားတဲ့နိုင်ငံရေးဖြစ်တယ်။ ဆိုတော့ ခုနလို pointed position တွေ လာပေးတဲ့ဟာမျိုးကို လက်ခံပြီးလုပ်ဖို့မဟုတ်ဘူး။ နောက်တစ်ချက်က ခုလက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်မူအဖွဲ့ ဆောင်ရွက်တဲ့ပုံစံက ပွင့်ပွင့်လင်းလင်းပြောရရင် ကြားဖြတ်အစိုးရပုံစံဘဲ ၂၀၀၈ အခြေခံဥပဒေအတိုင်း နောက်ထပ် ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပြီးတော့ အနိုင်ရပါတီပြန်အပ်ဖို့ ဖြစ်စဉ်က ပွင့်ပွင်းလင်းလင်းပြောရင် ကျနော်တို့လိုချင်တဲ့ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးတို့ အသစ်ပြန်လည်ရေးဆွဲရေးမူထဲမှာ မဟုတ်ဘဲနဲ့ ဒီထဲမှာဘဲ တစ်ကျော့လည်တဲ့ကိစ္စဖြစ်နေတဲ့အတွက်ကြောင့်မို့ ဒီဟာကို မလုပ်ဖို့ဆုံးဖြတ်ခဲ့တာပါ။

မေး-အဲလိုဆိုရင် ဆရာတို့ပါတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲရေး ပြုပြင်မယ့်မူမျိုး ဖက်ဒရယ်ကိုအခြေခံတဲ့မူတွေပါရင်တော့ လက်ခံမယ့်အနေထားလားရှင့်။
ဖြေ-အဲဒါဆိုရင်တော့ လုပ်ကိုလုပ်ရမှာ ဒါကကျနော်တို့ရဲ့ ရည်မှန်းချက်ပဲ။ အဓိကတော့ တိုင်းပြည်ရဲ့ပြသာနာကို ကြည့်ဖို့လိုတယ်။ အချုပ်အခြာအာဏာကို ထိန်းချုပ်တာ ပြဌာန်းတာက Mother law လို့ ခေါ်တဲ့အခြေခံဥပဒေဖြစ်နေတယ်။ အခြေခံဥပဒေက ပဠိပက္ခကိုဖြစ်စေတယ်။ ကျနော်တို့ဖက်ဒရယ်ပြည်ထောင်စုကို အခြေမခံဘူးဆိုရင် ကျနော်တို့ရည်မှန်းချက်က ဖက်ဒရယ်ပြည်ထောင်စုဖြစ်စေတဲ့ အခြေခံဥပဒေရေးဆွဲဖို့ဘဲ ကြိုးပမ်းရမှာဖြစ်တယ်။ အဲအခွင့်အလမ်းပေါ်မယ် တစ်ကယ်လုပ်လို့ရမယ်ဆိုရင် ဝင်လုပ်မှာဖြစ်တယ်။

မေး-လက်ရှိအခြေနေမှာ တိုင်းရင်းသားပါတီအချို့ခုလက်ရှိဖြစ်နေတဲ့အနေအထားနဲ့ပတ်သက်ပြီး NLD ပါတီနဲ့ ပူးပေါင်းသွားမယ်ဆိုတဲ့ ပုံစံမျိုး ထုတ်ပြန်ချက်တွေရှိနေတယ်။ ဆရာတို့ပါတီကော NLD နဲ့ပူးပေါင်းဖို့ ရှိလား။
ဖြေ-တစ်နေ့ကဘဲ ကျနော်တို့ပါတီရဲ့သဘောထားကိုလည်း ထုတ်ပြန်ထားပြီးသားဖြစ်တယ်။ NLD ပါတီနဲ့တော့ မပူးပေါင်းပါဘူး။ ဘာဖြစ်လို့လဲဆိုရင် NLD ပါတီဘဲဖြစ်ဖြစ် မည်သည့်ပြည်မပါတီဘဲဖြစ်ဖြစ် အာဏာရပါတီဟာ လူများစုကနေ လူနည်းစုကို ထိန်းချုပ်တဲ့ ဒီမိုကရေစီအာဏာရှင်စနစ်ကိုဘဲ ဖော်ဆောင်နေတာဖြစ်တယ်။ အဲထဲမှာဘဲ ရောက်သွားတာဖြစ်တယ်။

အာဏာသုံးရပ်တွင်းမှာ Check and balance အလွန်အားနည်းတယ်။ ပါတီတစ်ခုကပဲ အဆုံးအဖြတ်နဲ့ဘဲသွားတယ်။ NLD လက်ထက်တွင်မဟုတ်ဘူး၊ USDP တုန်းကလည်းအတူူတူပဲ။ အဲတော့အခွင့်ရေးနည်းနည်းဖွင့်တာနဲ့ထိန်းချုပ်တာဘဲ ဒါဘဲကွာသွားတယ်။ အဲတော့ ပြည်နယ်တိုင်းရင်းသား လူမျိုးစုတွေက ခံစားချက် မပြောင်းလဲဘူး။ အဲတော့ ခုလက်ရှိ NLD ပါတီကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် ဒီမိုကရေစီအာဏာရှင်စနစ်ကိုဘဲသွားနေတာဖြစ်တယ်။ သူတို့ရဲ့ဆောင်ရွက်ချက်က ၂၀၀၈ ဘောင်ထဲက အတိုင်းဖြစ်တဲ့အတွက်ကြောင့်မို့ ဘာဖြစ်လာလို့လဲဆိုရင် အမျိုးသားနိုင်ငံတည်ဆောင်မူဘဲဖြစ်တယ်။ ဖက်ဒရယ်တည်ဆောက်ဖို့မဟုတ်ဘူး အာဏာဖြန့်ခွဲမူလည်းမရှိဘူး။ နောက်တစ်ခါ လွှတ်တော်ကနေပြီး တစ်ညီတစ်ညွှတ်ထဲ ၅၀ ရာခိုင်နူန်းကျော် ဆုံးဖြတ်ချက်တွေနဲ့ ပြည်နယ်လူမျိုးစုတွေမနှစ်သက်တဲ့ဥပဒေတွေ တိုက်ရိုက်ပြဌာန်းနေတာတွေ ဆက်တိုက်ရှိတဲ့အတွက် ကျနော်တို့က ပူးပေါင်းစရာအကြောင်းမရှိဘူး။ (၅)နှစ်လုံးလုံး ဒီမိုကရေစီအာဏာရှင်စနစ်ကိုဘဲ သွားနေတဲ့အတွက် ကျနော်တို့ပူးပေါင်းစရာမရှိပါဘူး။

မေး- ဆရာ့အနေနဲ့ ဖြည့်စွက်ပြောချင်တာလေးရှိရင်ပြောပေးပါ။
ဖြေ-လက်ရှိမြန်မာပြည်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြောနေတာတွေ ကျနော်တို့ပြည်နယ်လူမျိုးစုကို လုံးဝကိုယ်စားမပြုဘူး။ ဒါပြတ်ပြတ်ရှင်းရှင်းပြောဖို့လိုတယ်။ နောက်တစ်ခါ ကျနော်တို့ပြည်နယ်လူမျိုးစုတွေရဲ့ ခေါင်းဆောင်မူဟာ စုပေါင်းခေါင်းဆောင်မူနဲ့သွားတယ်။ ကျနော်တို့ပြည်နယ်လူမျိုးစုတွေရဲ့ ဒီမိုကရေစီခေါင်းဆောင်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရောကြိတ်ပြီးတော့မှ လက်ခံပြီးကြေညာနေတာ။ အများစုက သဘောထားပေးနေတာ။

ပြည်ထောင်စုမြန်မာနိုင်ငံရဲ့သဘောထားဆိုပြီး နိုင်ငံတစ်ကာကို ဖြန့်ချီနေတာတွေ ကျနော်တို့ကလက်ခံနေမှာမဟုတ်ဘူး။ အဲတော့ ခုကျနော်တို့လက်ရှိ လူထုတော်လှန်ရေးဟာ ကျနော်တို့ယူဆချက်က အာဏာရှင်အလုံးစုံ လုံးဝမပေါ်ပေါက်ရေးအတွက်ဘဲလို့ ခံယူတယ်။ ဒါကြောင့်မို့ အဲဟာကိုဆက်သွားမယ်ဆိုရင် ကျနော်တို့ကဆက်လက်ထောက်ခံမှာဖြစ်ပြီး အဲဒီအာဏာရှင်ဖျက်သိမ်းရေး မပေါ်ပေါက်ရေးအတွက်ဘဲ ပူးပေါင်းကူညီမှာဖြစ်တယ်။ တစ်စုံတစ်ဦးသော ကိစ္စတွေလုပ်ပေးမှာမဟုတ်ဘူး။

ဥပမာ NLD လွှတ်တော်ပြန်လည်ရှင်သန်ရေး ၂၀၂၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေးတို့ အဲဒီဟာတွေကျနော်တို့ စိတ်မဝင်စားဘူး။ အမှန်မူရင်းပြသာနာကိုဘဲ စိတ်ဝင်စားတယ် KNC က အဲဒါဘဲပြောချင်တယ်။

Show More

Related Articles

Back to top button