သတင်းအင်တာဗျူး

“ပြည်သူက KIO ကို ပစ်ပယ် လိုက်လို့မရသလို၊ KIO ကလည်း ပြည်သူကို ပစ်ပယ်လို့ မရဘူး။” KIO ပြောရေးဆိုခွင့်ရှိသူဖြင့် မေးမြန်းခြင်း။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဆက်လက် မည်သည့်အခြေအနေထိ ရောက်လာနိုင်ကြောင်း KIO ဗဟိုဌာနချုပ် ရှိ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကို ကချင်သတင်းဌာန KNG က မေးမြန်းထားပါသည်။

ကချင်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီက တပ်အင်အား တိုးချဲ့နေတယ်လို့ကြားရတယ်။ ဒီတော့ တိုက်ပွဲကြီးများ ဆက်လက်ဖြစ်ပွားလာနိုင်လား။

ကျွန်တော်တို့ကလည်း စစ်တပ် (အာဏာသိမ်းစစ်တပ်) ဘက်က လူအင်အား၊ လက်နက် အင်အား တိုးချဲ့နေတယ်လို့ သတင်းကြားတဲ့အတွက် သတိနဲ့ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ တိုက်ပွဲကြီး ဆက်ဖြစ်မဖြစ်ကတော့ သေချာမပြောနိုင်ဘူး။ တကယ်လို့များ သူတို့တွေ ကျွန်တော်တို့ဘက်ကို တက်လာလို့ရှိရင်တော့ တိုက်ပွဲ ပိုပြင်းထန်လာနိုင်တယ်။

အခုတလော ရှမ်းမြောက်ဘက်နှင့် ကချင်ပြည်နယ်နေရာအနှံ တိုက်ပွဲပြင်းထန်နေတယ်လို့ကြားရတယ်။ အသေးစိတ်အခြေအနေက ဘယ်လိုရှိမလဲ။

အခုလက်ရှိထိတော့ ပြင်းထန်တဲ့ တိုက်ပွဲမျိုးတွေ မရှိသေးဘူး။ နှစ်ဖက်ထိုးစစ်ဆင်ပြီးမှ စခန်းသိမ်းတိုက်ပွဲမျိုး မရှိပါဘူး။ ဒါပေမဲ့ ပြောက်ကျားတိုက်တာမျိုးတို့၊ ထိတွေ့တိုက်ပွဲဖြစ်တာမျိုးတို့ နေရာအသီးသီးမှာဖြစ်တယ်။  နောက်တစ်ခုက အာဏာသိမ်းစစ်တပ်ဘက်ကလည်း ပြည်သူတွေရှိတဲ့ဘက်ကို လက်နက်ကြီးတွေနှင့် ရမ်းသမ်း ပစ်ခတ်နေတယ်။ ကျေးရွာတွေမှာလည်း ပြည်သူတွေကို သေနတ်နဲ့ပစ်ပြီး ပြဿနာရှာတယ်။ ဒါကြောင့် ကချင်ပြည်နယ် သာမက ရှမ်းမြောက်ဘက် နေရာအနှံ့ တိုက်ပွဲတွေ၊ သေနတ်သံတွေအမြဲကြားနေရတယ်။ ပြည်သူတွေလည်း စိုးရိမ်စိတ်နှင့် နေကြရတယ်။

KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ

ဆိုတော့ လက်ရှိနိုင်ငံရေးအခြေအနေမှာ ပြည်သူတွေအနေနှင့် ဘယ်လိုမျိုးဘာတွေပြင်ဆင်ထားရမှာလဲ ပြောကြားပေးပါ။

စစ်ပွဲတွေနှင့်ပတ်သက်ပြီး သတိဝိရိယနှင့် အမြဲနေထိုင်တာက အမြင့်ဆုံးကာကွယ်မှုဖြစ်တယ်။ ပြည်သူတွေလည်း သတိနှင့် နေရမှာဖြစ်သလို ကျွန်တော်တို့ ဝန်ထမ်း (တော်လှန်ရေးသမား) တွေလည်း ထိုနည်းတူဖြစ်တယ်။ တော်လှန်ရေးတိုက်ပွဲက ပြီးဆုံးသွားတာမဟုတ်သေးဘူး။

ဒီလိုမျိုးတိုက်ပွဲက အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ကိုယ့်မိသားစုအတွက်ရော အမျိုးသားရေးလွတ်မြောက်ဖို့အတွက်ပါ ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်ဖို့ အဆင်သင့်ဖြစ်ဖို့ လိုအပ်ပါတယ်။ ဘယ်လိုကဏ္ဍကနေ ကိုယ်ပါဝင်နိုင်မလဲဆို ကိုယ်ကိုယ်တိုင်ဆုံးဖြတ်ထားရမှာဖြစ်တယ်။ အေးအေး ဆေးဆေးနေနေပြီး တစ်ယောက်ယောက်ကို အပြစ်ရှာသလို၊ တစ်ယောက်ယောက်ရဲ့အောင်ပွဲကို စောင့်သလိုလို ကျွန်တော်တို့ပြည်သူတွေအနေနှင့် နေနေလို့မဖြစ်ဘူး။ ကိုယ်ကိုယ်တိုင်လည်း အောင်ပွဲအတွက် အရေးပါတဲ့သူဖြစ်တယ်ဆိုပြီး ခံယူထားရမှာဖြစ်တယ်လို့ ကျွန်တော်က ဒီလိုပြောချင်ပါတယ်။

အာဏာရှင်ကိုဆန့်ကျင်တဲ့ လူငယ်တွေက လက်နက်အင်အားမမျှပေမဲ့ ရရာနည်းအမျိုးမျိုးနှင့် မြို့ပေါ်မှာ တော်လှန်ဆန္ဒပြနေတာတွေ့မြင်နေရတယ်။ ပြီးတော့ KIO/KIA ကိုလည်း ထောက်ခံတာ၊ ဖိတ်ခေါ်တာမျိုး တွေ့မြင်နေရတယ်။ ဆိုတော့ KIO ဘက်က ပြည်သူတွေရဲ့တောင်းဆိုမှုကို ဘယ်လိုဆောင်ရွက်သွားဖို့ရှိပါသလဲ။

KIO/KIA ကို ထောက်ခံသော မြို့ပေါ်မှ လူထုဆန္ဒဖော်ထုတ်မှုများ

စစ်ရေးအခြေအနေကို ကြိုတင်ပြီးမှ ကျွန်တော်တို့က ဒီလိုလုပ်မယ်၊ ဒီလိုဆောင်ရွက်သွားပါမယ်လို့ ပြောဖို့ရန်အတွက် ခက်ပါတယ်။ ဒါပေမဲ့အမြဲတမ်းပြောနေတာရှိတယ်။ ကျွန်တော်တို့ KIO က ပြည်သူတွေနှင့် အမြဲအတူရပ်တည်နေမယ်၊ ပြည်သူဘက်ရပ်တည်သော KIO/KIA  ဖြစ်တယ်။ ပြည်သူက KIO ကို ပစ်ပယ် လိုက်လို့မရသလို KIO ကလည်း ပြည်သူကို ပစ်ပယ်လို့ မရဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ရှေ့ရေးအတွက် ရရာနည်းအမျိုးမျိုးနှင့် သွားနေရမှာဖြစ်တယ်။

KIA က သေနတ်ကိုင် မြို့ပေါ်ဝင်လာပြီး ဝင်ပစ်ပေးမှာကို လူတိုင်းက လိုချင်တာမျိုးကြားနေရပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့တော်လှန်ရေး တိုက်ပွဲ အောင်ပွဲခံနိုင်မှာလားလို့ ပြန်စဉ်းစားရင် အခက်အခဲပေါင်းများစွာ ရှိနေတယ်။ မြို့ပေါ်က စစ်တပ်ကို KIA က ဝင်မပစ်တဲ့အတွက် KIO ကို ပြည်သူတွေက ပစ်ပယ်လိုက်တယ်၊ KIO ကို မထောက်ခံတော့ဘူးဆိုတဲ့ပုံစံမျိုးလည်း မဖြစ်သွားစေရဘူးလို့ ပြောချင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီနိုင်ငံရေးအခြေအနေပေါ်မှာ စိတ်ရှည်သီးခံစွာနှင့် ဖြေရှင်းယူရမှာဖြစ်ပါတယ်။

ဗိုလ်မှူးကြီး နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြီး ပြောပေးပါ။

ဒီတော်လှန်ရေး အောင်မြင်ဖို့အတွက် တစ်နိုင်ငံလုံးက ပြည်သူတွေ စိတ်ရှည်သီးခံစွာနှင့် နည်းအမျိုးမျိုးဖြင့် အချိန်ယူပြီး ကြိုးစားရမှာဖြစ်တယ်။ အချိန်တိုအတွင်းသာလုပ်ဆောင်ပြီး ဒီအလုပ်ပြီးမြောက်သွားမှာ မဟုတ်ဘူး။ ဒါကြောင့် အချိန်ကာလတစ်ခုထိအတွက် စဉ်းစားပြီးနည်းပညာအကြံအမျိုးမျိူးနှင့် တော်လှန်သွားရမှာ ဖြစ်ကြောင်းပြည်သူတွေကိုပြောချင်ပါတယ်။ ဒါမှ အောင်မြင်မှုရမယ်လို့ ပြောချင်ပါတယ်။

Show More

Related Articles

Back to top button