မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ပူတာအိုခရိုင်တွင် ရွှေနှင့် အခြားသတ္တုတူးဖော်ခြင်းမပြုရန် တားမြစ်ချက်တစ်ခုထုတ်ပြန်

ကချင်ပြည်နယ် ပူတာအိုခရိုင် ရေဝေရေလဲဒေသဖြစ်သော မြစ် ချောင်းများတွင် ရွှေနှင့်အခြား သဘာဝသယံဇာတများကို စက်ယန္တယားများဖြင့် တူးဖော်နေခြင်း လုံး၀ခွင့်ပြုမည် မဟုတ်ကြောင်း ဂွမ်ရောင်ဂွမ်စာ (Gumrawng Gumtsa) ဌာနေအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီထံမှ သိရသည်။

ပူတာအိုခရိုင်အတွင်း ရွှေနှင့်သဘာဝသယံဇာတများကို ထိန်းသိမ်းကာကွယ်ဖို့ ဒေသခံပြည်သူအမြောက်အများ ပါဝင်သည့် ဂွမ်ရောင်ဂွမ်စာဌာနေအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေး ကော်မတီကို ပြီးခဲ့သည့်မတ်လတွင် ဖွဲ့စည်းခဲ့ပြီး လက်ရှိ ပူတာအိုခရိုင်အတွင်း ရွှေနှင့်သဘာဝသယံဇာတတူးဖော်မှုများ တွေ့ရှိလာတာကြောင့် တူးဖော်ခြင်းများ မပြုလုပ်ရန် မေလ ၁ ရက်နေ့ ကထုတ်ပြန်ချက်ထုတ်ထားသည်ကို တွေ့ရသည်။

“အခြေအနေတွေ ပြောင်းလဲသွားတာရှိတယ်။ ဖေဖော်ဝါရီလ မတိုင်မီ ရှေ့ NLD အစိုးရတုန်းကတော့ သူတို့ဝင်မယ်ဆိုရင် ဒေသခံပြည်သူတွေကို အရေးပေး ခွင့်ပြုချက်တောင်းတာတွေ ရှိသေးတယ်။ သဘောတူညီမှုတွေ ယူသေးတယ်။ အခုအာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေမှ တစ်ခါတည်း ဒေသခံပြည်သူတွေကို ဂရုတောင်မစိုက်တော့ဘူး။ အဲ့မှာရှိတဲ့ ကျေးရွာအုပ်ချူပ်ရေးမှူးတွေကို ဘာဂရုမစိုက်တော့ဘူး။ တစ်ခါတည်း မြစ်ချောင်းဘေး တန်းသွားပြီ။ အဲ့လိုမျိုးတွေ တွေ့ရတယ်။”ဟု ဂွမ်ရောင်ဂွမ်စာ ဌာနေအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှ တာဝန်ရှိသူက ပြောသည်။

လက်ရှိအချိန်တွင် ပူတာအိုခရိုင် မလိခမြစ်နှင့် ၎င်း၏ ရေဝေရေလဲ မြစ်လက်တက်များဖြစ်သည့် ရှန်ခ၊ ထီခ၊ ဒါခ၊ ဖတ်ခ၊ ရင်ခ၊ တန်ခ၊ ဖုန်အင်ခ၊ ဖုန်ကျန်းခ၊ အင်စီခ၊ မုန်ရန်ခ၊ အင်ဂျာခ၊ လုံဂါဘော် ဒေသတို့တွင် ရွှေနှင့် အခြားသဘာဝသယံဇာတများကို စက်ယန္တရားများဖြင့် တူးဖော်နေသည်ကို တွေ့ရှိနေတာကြောင့် ထိုသို့ တားမြစ်စာ ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ဂွမ်ရောင်ဂွမ်စာ ဌာနေအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှ ထုတ်ပြန်ထားသော ၎င်းထုတ်ပြန်ချက်ထဲတွင် မည်သူမဆိုစက်ယန္တရားများဖြင့် ရွှေနှင့် အခြားသဘာဝသယံဇာတများ တူးဖော်ခြင်း လုံး၀ (လုံးဝ) မပြုလုပ်ရန်၊ သယံဇာတများ တူးဖော်ခြင်းနှင့်ပတ်သက်ပြီး မြေနေရာပြပေးခြင်း၊ မြေနေရာရောင်းပေးခြင်း၊ မြေနေရာငှားရမ်းပေးခြင်း၊ ထောက်ခံအားပေးခြင်း နှင့် ပံ့ပိုးပေးခြင်းများ လုံး၀ မပြုလုပ်ရန် ပါရှိသည်။

အထက်ပါအတိုင်း လုပ်ဆောင်သောသူမှန်သမျှကို အမည်ပျက်စာရင်းအဖြစ်တင်သွင်းမှတ်တမ်းထားရှိပြီး နိုင်ငံတကာသိရှိအောင် ပြုလုပ်သွားမည့်အပြင် လူမှုရေးပြစ်ဒဏ်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ကချင်ပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် ပူတာအိုခရိုင် မက အခြားမြို့နယ်များတွင်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် သဘာဝသယံဇာတ တူးဖော်မှုများသည် စည်းကမ်းမဲ့ လုပ်ကိုင်လာနေကြောင်း ဒေသခံများထံမှသိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် သယံဇာတဝန်ကြီးအဖြစ် ဒေါက်တာတူးခေါင်ဖြစ်လာသည်။ ခေါင်လန်ဖူးရှိ Fortuna Metals  ရွှေနှင့်သတ္တုတူးဖော်မည့်စီမံကိန်းများကို ရပ်တန့်ပေးစေလိုကြောင်း သယံဇာတဝန်ကြီးကို ကချင်လူထုက လူမှုကွန်ရက်မှတဆင့် တောင်းဆိုမှုများ ရှိနေသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button