သတင်း

ခေါင်လန်ဖူးလူငယ် ၆ ဦးဖမ်းဆီးခံရမှု မိဘ ၂ ဦး၏ ထွက်ဆိုမှုတွင် ဖိအားပေးမှုများပါဝင်နိုင်ကြောင်း နီးစပ်သူများသုံးသပ်

ဖမ်းဆီးခံ ခေါင်လန်ဖူး လူငယ် ၆ ဦးအတွက် မိဘ ၂ ဦး၏ ရဝမ်ဘာသာစကားဖြင့် ထွက်ဆိုထားသော ဗီဒီယိုဖိုင်ပါအကြောင်းအရာများသည် ယုံကြည်ဖွယ်ရာအချက်များမဟုတ်ကြောင်း ဖမ်းဆီးခံရသော လူငယ်များနှင့် နီးစပ်သူများက သုံးသပ်ပြောဆိုနေကြသည်။

ဧပြီလ ၂၂ ရက်နေ့ ခေါင်လန်ဖူးမှ ပူတာအိုသို့ ဆင်းလာသော လူငယ် ၆ ဦးကို မကွေဇတံတားတွင် ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးထားပြီး ရဲစခန်းနှင့် အာဏာသိမ်းစစ်တပ်သို့ ပို့ဆောင်ခဲ့သည်။

ထို့နောက် မေလ ၁ ရက်နေ့တွင် ဖမ်းဆီးခံ လူငယ် ၆ ဦးအနက် မိဘ ၂ ဦး၏ ရဝမ်ဘာသာစကားဖြင့်ထွက်ဆိုထားသော ဗီဒီယိုဖိုင်တွင် ‘လူငယ် ၆ ဦးကို တားဆီးပေးရန် မိဘများကိုယ်တိုင် ပြည်သူ့စစ်အဖွဲ့ထံအကြောင်းကြားခဲ့သောကြောင့် ယခုလို ပြည်သူ့စစ်အဖွဲ့မှ တားဆီးထားပေးခြင်းဖြစ်ကြောင်း’ ဖော်ပြထားသည်။

သို့သော် အဆိုပါဗီဒီယိုဖိုင်တွင် မိဘများကို အတင်းအကြပ် ဖိအားပေးထွက်ဆိုခိုင်းခြင်းဖြစ်နိုင်ကြောင်း ပူတာအိုရှိ တက်ကြွလှုပ်ရှားသော လူငယ်တစ်ဦးက ယခုလိုပြောသည်။

“အဲ့ဒီ ဗီဒီယိုအသံဖိုင်က အဲ့ဒီလူကြီးတွေ ပူတာအို ရောက်ရောက်ချင်းမှာဘဲ ပြည်သူ့စစ်အဖွဲ့က သူတို့ဆီမှာခေါ်ပြီး တည်းခိုင်းတယ်။ ပြီးတော့ အခုလို အသံဖိုင်တွေ ရိုက်ပြီး သူတို့ Acc မှာတင်လာတာဖြစ်တယ်။ အဲ့တာကို ကျတော်တို့က အယုံအကြည်မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် အဲ့စကားပြောနေတဲ့ လူကြီးနှစ်ယောက်ကို ကြည့်ပြီးတောင်သိတယ်။ သူတို့က ဇတ်တိုက်ထားတယ်ဆိုတာ အရမ်းပေါ်လွင်တယ်။ တကယ်သူတို့မိဘတွေ အကူအညီတောင်းလို့သာ အဲ့ဒီ မကွေဇ ဂိတ်မှာ သူတို့တားဆီးခဲ့တာ မှန်ခဲ့ရင် ဘာလို့ နောင်မွန်း ရဲစခန်းကို သွားအပ်တာလဲ၊ ပြီးတော့ ဘာလို့ ပူတာအို ဘက်ကို သွားပို့ရတာလဲ။ အဲ့ဒါက လုံးဝကို ပေါ်လွင်နေတာလေ။ အဲ့တာကြောင့်မလို့ ကျတော်တို့က အဲ့ဒီ ဗီဒီယိုအသံဖိုင်ကို လုံး၀ အယုံအကြည်မရှိဘူး။ အဲ့မှာ ထိုင်တဲ့ ပုံစံရော၊ ပြောတဲ့ပုံစံရော ဖိအားပေးခံရတာလည်း ဖြစ်နိုင်တယ်။ အဲ့ဒီလို ပြောမှဘဲ နင်တို့သားသမီးတွေကို ကယ်ထုတ်ပေးနိုင်မယ်။ စသဖြင့် ပေါ့။ အဲ့တာကြောင့် ဒီအသံဖိုင်က ကျတော်တို့က လုံး၀ အယုံအကြည် မရှိပါဘူး။” ဟုဆိုသည်။

အဆိုပါရုပ်သံဖိုင်တွင် ဖမ်းဆီးခံ လူငယ် ၆ ဦးထဲ မှ မိဘ ၂ ဦးဖြစ်သူမှ ရဝမ်ဘာသာစကားဖြင့် ခေါင်လန်ဖူး ဌာနေ ပြည်သူ့စစ်အဖွဲ့အား ကျေးဇူးတင်စကား ပြောဆိုထားသည်။

လူငယ် ၆ ဦးဖမ်းဆီးခံရပြီးနောက် မိဘများက ပူတာအိုသို့ လိုက်လာချိန် ၎င်းပြည်သူ့စစ်စခန်းတွင် လာရောက်တည်းခို ခိုင်းပြီး ယခုလို ရုပ်သံဖိုင် ထွက်ပေါ်လာတာကြောင့် အယုံအကြည်မရှိကြောင်း ဖမ်းဆီခံ လူငယ် ၆ ဦးနှင့် နီးစပ်သူတစ်ဦးက ယခုလိုပြောသည်။

“ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခံလူငယ်တွေရဲ့ မိဘတွေ ပူတာအိုကို ရောက်လာတာနဲ့ သူတို့ကို ပြည်သူ့စစ် စခန်းမှာ လာတည်းခိုင်းပြီးတော့ သူတို့ဖမ်သွားတဲ့ လူငယ်တွေ ပြန်လွတ်လာအောင် ကူညီပြောကူပေးမယ်လို့ပြောပြီး ပြည်သူ့စစ်တွေ တမင်လုပ်ဇတ်ခင်းဖို့ မိဘတွေကို စခန်းမှာ တည်းခိုင်းပြီးနောက် ထွက်လာတဲ့ ဗီဒီယို ဖိုင် ဟုတ်တယ်။ ဒါကြောင့် ကျနော်လည်း ဒါကပြည်သူ့စစ်တွေ တမင်သက်သက် လုပ်ဇတ်တစ်ခုလို့ မြင်တယ်မိဘတွေက စိတ်ရင်းနှင့်ကျေးဇူးတင်ချင်တဲ့ ပုံစံ လုံး၀ မတွေ့ရဘူး။ သူတို့ဖက် ဖိအားပေးလို့ ပြောနေသလို ဖြစ်နေတာက လုံးဝသိသာတယ်။” ဟု ပြောသည်။

လက်ရှိချိန်ထိ ဖမ်းဆီးခံ လူငယ် ၆ ဦးကို ပူတာအို စစ်တပ်ဝင်းတွင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button