သတင်း

နောင်မွန် KBC ဘုရားကျောင်း KIA လက်နက်သိုလှောင်ရုံအဖြစ် USDP ပါတီဝင်များ စွပ်စွဲပြောဆို

ပူတာအိုခရိုင် နောင်မွန်မြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဘုရားကျောင်းကို KIA ၏ လက်နက်သိုလှောင်ရုံဖြစ်ကြောင်းနှင့် ဝန်ထမ်းများကိုလည်း KIA အမှုထမ်းများဖြစ်သည်ဟု ထိုဒေသရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP အဖွဲ့က စွပ်စွဲပြောဆိုနေကြောင်း ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။

ယခုလ မေလဆန်းပိုင်းက နောင်မွန်မြို့မှ ၈ မိုင်ခန့်ဝေးသော ရပ်ပေါ့ ကျေးရွာရှိ ပြည်သူ့စစ် စခန်းတွင် ရဝမ်ရိုးရာယဉ်ကျေးမှုအဖွဲ့၏ နာယက ဦးထုံဖူးဒဂုဏ်အပါအဝင် USDP ပါတီဝင်အချို့က လက်နက်သွားတောင်းစဉ် ထိုသို့ပြောဆိုခဲ့ကြောင်းနှင့် ကျေးရွာအတွင်းစည်းရုံးမှုများတွင်လည်း ပြောဆိုခဲ့သည်ဟု အမည်မဖော်လိုသူ နောင်မွန်ဒေသခံတစ်ဦးက ပြောသည်။

“အဲ့လိုလိုက်ပြောနေတာမှန်တယ်။ ပြောတာ ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေ လိုက်ပြောတာဟုတ်တယ်။ KBC ဘုရားကျောင်းဝင်းဆိုတော့ သူတို့က ဘုရားကျောင်းဝင်းမှာ လက်နက်သိုလှောင်ထားတယ်လို့ထင်မှာပေါ့။ ပြီးရင် KBC အမှုတော်ဆောင်တွေကိုလည်း ဖမ်းဖို့လည်း စီစဉ်နေတယ်လို့ကြားတယ်။ ဘာကြောင့်လဲဆိုတော့ KBC အမှုတော်ဆောင်တွေက KIA သာဖြစ်တယ်။ ပြီးရင်သူတို့က စစ်သင်တန်း တက်ထားတဲ့သူတွေ ဟုတ်တယ်။ နောင်မွန်မြို့နယ်မှာလည်း အဲ့လိုပြောဆိုပြီး စည်းရုံးရေးတွေလိုက် လုပ်နေတယ်လို့သိရတယ်” ဟု ပြောဆိုသည်။

KIA ကို တိုက်ခိုက်ရန်အတွက် နောင်မွန်မြို့နယ်ရှိ တစ်အိမ်ထောင်လျှင် လက်နက်တစ်စုံစီ ရရှိရန်နှင့် လူငယ်များကို စစ်သင်တန်းပို့ချပေးရန် USDP အဖွဲ့က ပြည်သူ့စစ်အဖွဲ့ကို သွားရောက်အကူအညီတောင်းထား ကြောင်းလည်း သိရသည်။

ထို့အပြင် လူငယ်များကို စစ်သင်တန်းသင်ကြားရန် ကြံ့ခိုင်ရေးပါတီနှင့် ပြည်သူ့စစ်တို့ပူးပေါင်းပြီး ကျေးရွာအလိုက်စည်းရုံးရေးလုပ်ဆောင်ပြီးနောက် လက်ရှိတွင် ပြည်သူ့စစ်နယ်မြေတွင် လူငယ် ၂၀ဦးခန့်က စစ်သင်တန်းတက်ရောက်နေကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

Show More

Related Articles

Back to top button