တိုက်ပွဲသတင်း

မြစ်ကြီးနားမြို့အဝင် ဆီဘောက်ဆာယာဉ်တန်းပစ်ခတ်ခံရမှု ထိခိုက်မှုမရှိနိုင်ကြောင်း ဒေသခံများပြော

အာဏာသိမ်းစစ်တပ်၏ တင့်ကာအပြင် စစ်အင်အားအများအပြားဖြင့် လုံခြုံရေးပေးကာ တင်ဆောင်လာသော ဆီသယ်ယာဉ်တန်း မြစ်ကြီးနားမြို့အဝင်တွင် ဗုံးဖေါက်ခွဲမှုခံရသော်လည်း ထိခိုက်ခြင်းမျိုး မရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နံနက် ၉ နာရီခန့်တွင် နမ္မတီးဘက်မှ တင့်ကား ၃ စီး ၊ စစ်ကား ၅ စီး နှင့် ဆီဘောက်ဆာ ၆ စီး စုစုပေါင်း ၁၄ စီးပါဝင်သော ယာဉ်တန်းတက်လာချိန် အကျဲ (အကဲ) အဝင် ဆွတ်လုန်ခရုန် ဆီဆိုင်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

သို့သော် ဆီသယ်ယာဉ်တန်း မရောက်ခင် လုံခြုံရေးအဖွဲ့ကို ဗုံးတစ်လုံးဖောက်ခွဲခဲ့ခြင်းသာ ဖြစ်သောကြောင့် ဆီဘောက်ဆာယာဉ်တန်းကို ထိခိုက်မှု မရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စစ်တပ်က ဆီသယ်ယာဉ် ကား ၆ စီးလာမှာကို ကြိုတင်စောင့်တဲ့သဘောပေါ့။ ဘာမှ ထိခိုက်တာမရှိဘူးလို့ကြားတယ်။ ရှေ့က လုံခြုံရေး ၁၀ ယောက်လောက်ကိုပဲ ဗုံးသွားပစ်တော့ သေနတ်သံနည်းနည်းထွက်ကြတယ်။ အဲဒီသေနတ်သံတွေ ငြိမ်းမှ ဆီသယ်ကားတွေက ဖြတ်သွားတာ။” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် စစ်တပ်ဘက်က ရဟတ်ယာဉ်တစ်စီးဖြင့် လမ်းကြောင်းတစ်လျှောက် လိုက်လံ ပျံဝဲ ခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး KIO ဗဟိုပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းရာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မကြားမိကြောင်း KNG ကို ပြောဆိုခဲ့သည်။

Show More

Related Articles

Back to top button