လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကချင်လူငယ်တက်ကြွလှုပ်ရှားသူ ၂ ဦး အကြမ်းဖက် ဖမ်းဆီးခံရ

ကချင်လူငယ်အရေး တက်ကြွလှုပ်ရှားသူများဖြစ်ကြသော လွမ်းဇောင်းနှင့် ဆိုင်းနူးပန်တို့ ၂ ဦးကို ယနေ့ မေလ ၂၁ ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က သေနတ်ပစ်ဖောက်ကာ ကားဖြင့်ဝင်တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဆိုင်းနူးပန်၏အဖိုး နာရေးအစီစဉ်မှအပြန်လမ်းတွင် စစ်တပ်က ကားသုံးစီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက ယခုလိုပြောပြသည်။

“နောင်နန်းဂျော်ဘွမ် ခရစ်ယာန်သုသာန် နာရေးကအပြန် သေနတ်နဲ့အရင်ပစ်ဖောက်ပြီးရပ်ခိုင်းတယ်။ ၈မိုင်ဘောလုံးကွင်းနားရောက်တော့ မဆိုင်နူးပန်နဲ့ ကိုလွမ်းဇောင်းတို့စီးလာတဲ့ကားကို ဝင်တိုက်ပြီး အရပ်ဝတ်တွေနဲ့သေနတ်အတိုကောရှည်ကောကိုင်ပြီး လူဆယ်ယောက်လောက်ထွက်လာပြီးတော့ သေနတ်တွေနဲ့ထောက်ပြီး ဖမ်းသွားတာဟုတ်တယ်” ဟု မျက်မြင်တစ်ဦးက KNG သတင်းဌာနကို ပြောသည်။

အဆိုပါဖမ်းဆီးမှုတွင် ဆိုင်းနူးပန်းနှင့် လွမ်း​​ဇောင်းအပြင် ကားတစ်စီးတွင်လိုက်ပါလာသည့် ဦးဆိုင်းနော်ဆန့် | လဟာလွမ်းဇောင်းနှင့် အမျိုးသမီးတစ်ဦးစသည့် စုစုပေါင်း ၅ဦး ဖမ်းဆီးခံရကြောင်း မျက်မြင်တစ်ဦးက ဆက်ပြောသည်။

“မဆိုင်းနူးပန်နဲ့ ကိုလွန်းဇောင်းတို့နဲ့အတူ သုံးယောက်လောက်ဖမ်းသွားတာကိုတွေ့တယ်။ ပြီးတော့နာရေးမှာ မှတ်တမ်းယူပေးတဲ့ဓါတ်ပုံဆရာကိုလည်း ခြေထောက်မှာသေနတ်နဲ့ချိန်ပြီး ကင်မရာမပေးရင်ပစ်မှာနော်ဆိုပြီး ကင်မရာကိုလုပြီးခေါင်းကိုရိုက်လိုက်တာ ခေါင်းကွဲပြီးသွေးတွေတောင်ထွက်တယ်”ဟု ဆက်လက်ပြောပြသည်။

ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သောလူငယ်များနှင့် CDM ပြုလုပ်သူများကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ဖမ်းဆီးရိုက်နက်မှုများ ပုံမှန်ပြုလုပ်နေဆဲဖြစ်သည်။

Show More

Related Articles

Back to top button