တိုက်ပွဲသတင်း

ရွှေကူတွင် သင်္ဘောတစ်စီး ထပ်မံ ပစ်ခတ်ခံရ

ရွှေကူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ စစ်အင်အားပါဝင်လာနိုင်သော ပင်လုံ သင်္ဘောတစ်စီး ယနေ့ နံနက်ပိုင်းက ထပ်မံ ပစ်ခတ်ခံလိုက်ရကြောင်း သိရသည်။

ယနေ့ ၁၁ နာရီခွဲ ဝန်းကျင်ခန့်တွင် ကသာ မှ ရွှေကူမြို့သို့ ဆန်တက်လာသသည့် သင်္ဘောတစ်စီးကို ရွှေကူမြို့နယ် မင်းကျောင်းကုန်းနှင့် သာယာကုန်းကျေးရွာကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ခတ်ခဲ့သည်ဟု ရွှေကူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ပစ်ခတ်ခံရတာမှန်ပါတယ်။ ကျနော်တို့ ရွှေကူမြို့နယ်ထဲမှာရှိတဲ့ သာယာကုန်းကျေးရွာမှာ ဟုတ်တယ်တဲ့။ စစ်သားတွေပါလို့ KIA ကဝင်ပစ်တာတဲ့။ ဘယ်နှစ်ယောက်ပါတယ်ဆိုတာက မသိရဘူး။ နောက်ပြီး ရိက္ခာလည်းပါတယ်လို့သိရတယ်” ဟု ပြောဆိုသည်။

ပစ်ခတ်ခံရသော သင်္ဘော၏ ရှေ့ခန်းထိခိုက်ထားသဖြင့် ဘိုကုန်းကျေးရွာ မျက်နှာချင်းဆိုင်ကျွန်းတွင် ရပ်ထားကြောင်း သိရသည်။

ရွှေကူမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်အင်အားနှင့် ရိက္ခာသယ်လာသည့် သင်္ဘောကို KIA က မကြာခဏပစ်ခတ် ဖျက်စီးမှုများပြုလုပ်ခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် ဧရာဝတီမြစ်ကိုအသုံးပြုကာ မန္တလေး-ကသာ-ရွှေကူ မှတဆင့် ဗန်းမော်မြို့သို့ စစ်တပ်အင်အား ပို့ဆောင်နေပြီး ထိုမှတဆင့် ကချင်ပြည်နယ်ရှိ KIO တပ်မဟာ ၅ နှင့် တပ်မဟာ ၃ ဒေသကို ထိုးစစ်ဆင် တိုက်ခိုက်မှုများပြုလုပ်နေသော လမ်းကြောင်းဖြစ်သည်။

Show More

Related Articles

Back to top button