Covid-19 Reportingသတင်း

Covid-19 ကာကွယ်တားဆီးရေး စည်းကမ်းချက် KIO ပြန်လည်တင်းကြပ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေသို့ ဝင်ရောက်လာသော မည်သူမဆို ကွာရန်တင်း ၁၄ ရက် ဝင်ရမည့်အချက်အပါအဝင် စုစုပေါင်း ၆ ချက်ကို KIO က ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

“ မြန်မာပြည်တွင်းလည်း ကိုးဗစ်ပိုးတွေ့လူနာတွေပြန်ရှိလာတော့ သေဆုံးသူတွေလည်းရှိလာတာကိုတော့ တွေ့ရတော့ ဒီကျနော်တို့ဘက်လည်း လူတွေအရမ်းများလာတော့ Quarantine ဝင်ဖို့ကို ဇွန် ၁၆ မှစပြီး လုပ်ဆောင်စနေပြီဖြစ်တယ်။ ၁၆ ရက်မှစပြီး ဝင်လာသူအားလုံး Quarantine ဝင်ဖို့ ပြည်သူတွေ ဝန်ထမ်းတွေ အသင်းတော်မှ လူကြီးတွေ VIP လူကြီး အားလုံးကို ကျနောတို့ quarantine ဝင်ဖို့နေရာလည်း ကျနော်တို့ သတ်မှတ်ထားပေးပြီ။ အဲ့မှာ ၁၄ ရက်ဝင်ပြီး ဆေးစစ်ခတော့ ပေးရမယ်။ ဝန်ထမ်းတွေကိုတော့ ကျနော်တို့ အစိုးရတွေ တာဝန်ယူမယ် ကျန်တဲ့သူတွေအားလုံးတော့ စရိတ်ပေးရမယ်။ အဲ့လိုစီစဉ်ထားတယ်။ အစားသောက်တွေလည်း တစ်နေ့ ၂ ကြိမ်ကြွေးတယ်။ နေဖို့နေစရာ စီစဉ်ပေးတယ်။ ဆေးတော့ ၂ ကြိမ်စစ်ဆေးမယ်။” KIO ကိုဗစ်ကာကွယ်ထိန်းသိမ်းရေးကော်မတီမှ ဗိုလ်မှူးကြီး ဟိန်းဝေါမ် က ပြောသည်။

‘မည်သူမဆို ကွာရန်တင်း ၁၄ ရက်ဝင်ရန်၊ Covid-19 ကာကွယ်ဆေးထိုးပြီးလက်မှတ်ရရှိထားသဖြစ်ပါက ကွာရန်တင်း ၅ ရက်ဝင်ရန်၊ Covid-19 ဆေးစစ်ခ တစ်ဦးလျှင် တရုတ်ယွမ် ငွေ ၅၀ ပေးဆောင်ရန်၊ အခမ်းအနားပွဲများကို လူဦး ၁၀၀ ထက်မကျော်ဘဲ ပြုလုပ်ရန် နှင့် Covid-19 ဆေးစစ်မှု မခံယူဘဲ တရားမဝင် ဝင်ရောက်လာပါက အရေးယူမည်ဖြစ်ကြောင်းနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်များအားလုံး လိုက်နာရန်လိုအပ်ကြောင်း’ KIO Covid-19 ရောဂါကာကွယ် တားဆီး နှိမ်နှင်းရေးကော်မတီမှ သတိပေးစာ တစ်စောင်ထုတ်ပြန်ထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် Covid-19 ကူးစက်မှု တတိယအကြိမ် ပြန်လည်မြင့်တက်လာသောကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ နယ်မြေသို့ ဝင်ရောက်လာသူများမှ ပိုးထပ်မံကူးစက်ခြင်းမရှိစေရန် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ ဇွန်လဆန်းပိုင်းအထိ KIO နယ်မြေသို့ ဝင်ရောက်လာသူများကို ကျန်းမာရေးစစ်ဆေးဂိတ်တွင် ဆေးစစ်ပြီး ပိုးမတွေ့ပါက Home Quarantine ၊ Hotel Quarantine ၅ ရက်ထားကာ ဝင်ရောက်ခွင့်ပြုခဲ့သည်။

ယခင်က KIO နယ်မြေတွင် ပိုးတွေ့ရှိသူမရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလမှ စတင်ကာ ဝင်ရောက်လာသူများတွင် ပိုးတွေ့ရှိသူ လက်ရှိချိန်ထိ ၁၃ ဦး ရှိခဲ့ကြောင်း သိရသည်။

Covid-19 ကာကွယ်ဆေးများကိုလည်း ထိုးနှံပေးနေပြီး လက်ရှိချိန်ထိ စုစုပေါင်း လူဦးရေ ၆၀၀၀ ကျော် ကာကွယ်ဆေး ထိုးပြီးပြီဖြစ်ကြောင်း သိရသည်။

Related Articles

Back to top button