တိုက်ပွဲသတင်း

ဖားကန့်တွင် အာဏာသိမ်းစစ်တပ်ကို KIA မိုင်းဆွဲ တိုက်ခိုက်

ဖားကန့် မြို့နယ် လုံးခင်းအုပ်စု ကံစီး (Ginsi) နှင့် နမ်ဂျန် (Nam Jan) ကျေးရွာ ၂ခုကြားတွင် ယနေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်ကြောင်းတစ်ခုကို ကချင်လွပ်လပ်ရေးတပ်မတော် KIA မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကံဆီးကျေးရွာမှ အာဏာသိမ်းစစ်တပ် အင်အား ၅၀ခန့် သည် ယနေ့ နံနက် ၅နာရီခန့် နမ်ဂျန်ဘက်သို့ ဆင်းလာခဲ့ရာ ကန်ဆီးကျေးရွာနှင့် ၃မိုင်ခန့်ဝေးသည့် မှော်တစ်နေရာတွင် KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု Ginsi ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

“ကံဆီး ကျေးရွာနဲ့က သိမ်မဝေးဘူး။ ကံဆီးဘက်က စီးနေတဲ့ ဥရုချောင်းနဲ့ နမ်ဂျန်ချောင်း ၂ခုဆုံတဲ့ နေရာမှာ တိုက်ပွဲဖြစ်ကြတာ ဟုတ်တယ်။ ဒီမနက် ၅နာရီလောက်မှာ ကျနော်တို့ ကံစီးဘက်က စစ်သားတွေ နမ်ဂျန်ဘက်ကို ဆင်းသွားကြတာဟုတ်တယ်။ အကြာဘူး။ ၈နာရီလောက်မှာ KIA က လမ်းမှာစောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်တဲ့” ဟု ပြောဆိုသည်။

မိုင်းဆွဲ တိုက်ခိုက်မှုတွင် အာဏာသိမ်းစစ်တပ်ဘက်က ၃ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ကို ကြားသိရကြောင်း သူက ဆက်လက်ပြောဆိုသည်။

ဇွန်လ ၁၄ ရက်နေ့တွင် နမ်ဂျန်မှ စစ်အင်အား ၅၀ ခန့်သည် ကံစီးအခြေစိုက် စစ်တပ်သို့ ရောက်ရှိခဲ့ပြီး ယနေ့ နံနက် အစောပိုင်းတွင် စစ်အင်အား ၅၀ ခန့်က လာရာလမ်းအတိုင်းပြန်ခေါက်လာသောကြောင့် တပ်အပြောင်းအလဲသွားရောက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲမဖြစ်ဘဲ ငြိမ်နေသည်ဟု တစ်လကျော်လာပြီဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button