လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်တပ်က ၎င်း၏ ဆုံးရှုံးမှုကို လက်တုန့်ပြန်သောအနေဖြင့် အရပ်သားများကို ပစ်ခတ်သတ်ဖြတ်နေကြောင်း KWAT ထောက်ပြ

ကချင်ဒေသများတွင် အာဏာသိမ်းစစ်တပ်က သူ၏ဆုံးရှုံးမှုအတွက် လက်တုန့်ပြန်သည့်လုပ်ရက်အနေဖြင့် အရပ်သားပြည်သူများကို ပစ်ခတ် သတ်ဖြတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ (KWAT) က ဇွန်လ ၁၆ ရက်နေ့တွင် အစီရင်ခံစာဖြင့် ထောက်ပြထားသည်ကို တွေ့ရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က အာဏာသိမ်းစစ်တပ်၏ စခန်းတချို့ကို သိမ်းပိုက်လိုက်သောကြောင့် နောက်ဆက်တွဲအနေဖြင့် စစ်တပ်က အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေကြောင်း ထောက်ပြထားသည့် အစီရင်ခံစာနှင့် ပတ်သက်ပြီး KWAT အထွေထွေ အတွင်းရေးမှူး ဒေါ် မွန်းနေလီက ယခုလို ပြောသည်။

“စစ်တပ်အာဏာမသိမ်းခင်ကလည်း ကျမတို့ ကချင်ဒေသမှာ အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ရှိခဲ့ပြီးပြီ။ ဒါပေမဲ့ အခုအာဏာသိမ်းလိုက်ပြီးနောက်မှာ ပိုပြီး အရာရာက သူ့တို့လက်ထဲမှာပဲ။ သူတို့ ကြိုက်သလို လုပ်လို့ ရတယ်ဆိုတဲ့ပုံစံနဲ့ လုပ်နေတယ်ဆိုတာ ထောက်ပြနိုင်ဖို့အတွက် အခုလိုမျိုး အစီအရင်ခံစာ ထုတ်ပြန်ရခြင်းဖြစ်တယ်။” ဟု ဒေါ်မွန်းနေလီက ပြောသည်။

၎င်း အစီရင်ခံစာအရ မတ်လ ၂၅ ရက်နေ့ အလော့ဘွမ် တပ်စခန်းကို KIA က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်တပ်က ၎င်း၏ ဆုံးရှုံးမှုကို လက်တုန့်ပြန်သည့်အနေဖြင့် မိုးမောက်မြို့နယ်ရှိ အရပ်သားများနေအိမ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာအတွင်း တပ်စွဲမှုများ ပြုလုပ်သောကြောင့် စစ်ရှောင်လူဦးရေအသစ် ၆၀၀၀ ကျော် မိုးမောက်နှင့် ဗန်းမော်မြို့သို့ ထွက်ပြေး တိမ်းရှောင် လာခဲ့ရကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်တပ်၏ ဆိုးရွား ပြင်းထန်သော လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြို့သစ်၊ ကုန်းလောဒေသခံ အရပ်သား ၉ ယောက် သေဆုံးခဲ့ပြီး ကလေး ၃ သုံးဦးအပါအဝင် အရပ်သား ၁၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း KWAT ၏ မှတ်တမ်းအရ သိရသည်။

ဒါ့အပြင် မြစ်ကြီးနား၊ မိုးညှင်းနှင့် ကာမိုင်း စသည့်မြို့နယ်များမှ လူငယ်များကိုလည်း KIA နှင့်ဆက်သွယ်ပတ်သက်ကြောင်း စွပ်စွဲကာ မတရားဖမ်းဆီးခဲ့ပြီးနောက် ခေါင်းကို သေနတ်ဒင်ဖြင့်ထုခြင်း ဆီးကရက် မီးတို့ခြင်းစသဖြင့် နှိပ်စက်ခဲ့ကြောင်း ဆိုထားသည်။

အရပ်သားပြည်သူများအပေါ် အသက်အိုးအိမ်စည်းစိမ်ပျက်စီးအောင် ပြုလုပ်နေသော အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာမှ ပိတ်ဆို့တားမြစ်ပေးရန် တိုက်တွန်းတောင်းဆိုကြောင်း ဒေါ်မွန်းနေလီက ဆက်လက်ပြောဆိုသည်။

“အာဆီယံအစည်းအဝေးတုန်းက မင်းအောင်လှိုင်ကို ခေါ်တာ တွေ့ရတယ်။ ဆိုတော့ ဒီလိုမျိုးတွေကို ကျမတို့က လုံးဝမဖြစ်စေလိုဘူး။ ဒီလိုခေါ်လိုက်ခြင်းကြောင့် အသိအမှတ်ကြီးပြုတာ မဟုတ်ရင်တောင် စစ်တပ်ကို လူ့အခွင့်အရေးချိုးဖောက်ဖို့ အခွင့်အလမ်းတစ်ရပ် ပေးလိုက်သလို ဖြစ်သွားတယ်။ ပြည်သူအားလုံးရဲ့ ဆန္ဒအတိုင်းဖွဲ့စည်းထားတဲ့ NUG အစိုးရကိုပဲ အသိအမှတ်ပြုပေးပါ။ နောက်ပြီး ကမ္ဘာတစ်ဝှမ်းက လက်နက်ပိတ်ဆို့မှု ချမှတ်ပေးရန်နှင့် စစ်တပ်ကို လေယာဉ်အသုံးပြုခွင့် ပိတ်ဆို့ပေးဖို့ No Fly Zone သတ်မှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။” ဟု ပြောသည်။

ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုခံရသဖြင့် ဒုက္ခဆင်းရဲ ခံစားနေရသော အရပ်သားပြည်သူများနှင့် စစ်ရှောင်ပြည်သူများကို ကူညီထောက်ပံ့ရန် အတွက် ဆက်လက်တောင်းဆိုထားသည်။

ကချင်အမျိုးသမီးအစည်းအရုံးထိုင်းနိုင်ငံ (KWAT) ကို ၁၉၉၉ ခုနှစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖွဲ့စည်းခဲ့ပြီးနောက် ကချင်ဒေသအတွင်းဖြစ်ပျက်နေသော အမျိုးသမီးအခွင့်အရေးနှင့် စစ်တပ်၏ ပြည်သူလူထုအပေါ် ကျူးလွန်နေသော ရာဇဝတ်မှုများကို ထုတ်ဖော်ပြောဆိုနေသော အဖွဲ့ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button