တိုက်ပွဲသတင်း

ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် ဖြတ်သန်းသွားလာသူများကို အာဏာသိမ်းစစ်တပ်မှ စစ်ဆေးနေ

အာဏာသိမ်းစစ်တပ်သည် ဒေါ့ဖုန်းယန်မြို့မှ ခယာကျေးရွာ (Hka Ya)အထိ ကျေးရွာတစ်ချို့တွင် သွားလာသူများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁၇ရက် ယနေ့တွင် ဒေါ့ဖုန်းယန်မြို့မှ ခလား(Hka La Mare)၊ ဒင်ဂါ (Ding Ga)၊ လွယ်မောက်ယန် (Loi Mawk Yang)၊ တုန်ဟုန်း(Dung Hkung) စသော ကျေးရွာများတွင် အာဏာသိမ်း စစ်တပ် အင်အား ၂၀၀ ကျော်ခန့်ရှိနေကြပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ဒေါ့ဖုန်းယန်ကနေ တောက်လျှောက်လုံခြုံရေးယူထားတယ်။ သူတို့က စစ်အင်အားတိုးချဲ့ဖို့နဲ့ ရိက္ခာသယ်ယူဖို့ ထင်တယ်။ နောက်ပြီး ဗန်းမော်ဘက်ကို စစ်ကားတွေသွားဖို့ ပြင်ဆင်နေတယ်လို့လည်းကြားတယ်။ သေချာတော့ မသိရသေးဘူး” ဟု ပြောဆိုသည်။

ဒေါ့ဖုန်းယန်မြို့ပြင် ကျေးရွာများတွင်လည်း ဖြတ်သန်းသွားလာနေသော ပြည်သူများကို မှတ်ပုံတင်၊ ဖုန်းနှင့် ဆိုင်ကယ် စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သူက ဆက်လက်ပြောဆိုသည်။

ဇွန်လ ၁၆ ရက်နေ့ကလည်း မိုးမောက်ဘက်က အာဏာသိမ်း စစ်ကား ၇စီးဖြင့် နွမ်လန့်ကျေးရွာအခြေစိုက် ခမရ ၄၃၈ သို့ စားနပ်ရိက္ခာများ သယ်ပို့ခဲ့ကြောင်း သိရသည်။

နွမ်းလန့်မှတဆင့် ဒေါ့ဖုန်းယန်မြို့သို့ ရိက္ခာနှင့် စစ်အင်အား ပို့ဆောင်သော ယာဉ်တန်းနှင့် စစ်ကြောင်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မကြာခဏ ကြားဖြတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Related Articles

Back to top button