လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်ကောင်စီ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားသော ဒေသခံ ၂ ဦး ဒဏ်ရာ ရရှိခဲ့သဖြင့် ပြန်လွှတ်ပေး

ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု မဂေါင်ကထောင်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်၏ လူသားဒိုင်းအဖြစ် အသုံးပြုခံရသည့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်းသိရသည်။

ယမန်နေ့ ညနေ ၆နာရီ မိုးချုပ်ခါနီးအချိန်တွင် မဂေါင်ကထောင်ကျေးရွာမှ ငါးမျှားသွားသည့် အမျိုးသားတစ်ဦးနှင့် နွားမောင်းရာမှ ပြန်လာသည့် အမျိုသားတစ်ဦးတို့ ၂ ဦးကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် လမ်းတွင် မိုင်းခွဲခံရကာ ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု မဂေါင်ဒေသခံတစ်ဦးက ယခုလိုပြောဆိုခဲ့သည်။

“ကျမတို့ ရွာအနီးမှာ စစ်သားတွေရှိမှန်းလည်းမသိ။ မိုးချုပ်ခါနီးရှိပြီတဲ့ သူတို့ ၂ယောက်ပြောတာ။ တစ်ယောက်က ငါးမျှာသွား တယ်။ တစ်ယောက် နွားမောင်းပြန်လာတာ။ လမ်းမှာ စစ်သားတွေနဲ့တွေ့လို့ ခေါ်သွားတယ်လို့ ပြောတယ်။ သူတို့ ၂ယောက်ကို ရှေ့ကနေသွားခိုင်းပြီး ကာမိုင်းဘက်ကို သွားတယ်တဲ့။ အဲ့မှာ သွားရင်းနဲ့ လမ်းမှာ မိုင်းကွဲခံရတယ်လို့ဘဲ သိတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်၏ လူသားဒိုင်းအဖြစ် အသုံးပြုခံရသည့် အမျိုးသား ၂ ဦးမှာ အသက် ၅၀ အရွယ် ဦးဂမ်အောင်တန်နှင့် အသက် ၄၀ အရွယ် ဦးဆမ်ဆက်တို့ဖြစ်ကြပြီး ၂ ဦးစလုံးမှာ မိုင်းထိဒဏ်ရာရှိထားကြောင်း သိရသည်။

ဒေသခံ ၂ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော စစ်ကြောင်းတွင် စစ်အင်အား ၅၀ ခန့်ရှိပြီး ည ၁၁ နာရီခွဲဝန်းကျင် မဂေါင်းကထောင် မှ ကားမိုင်းဘက်သွားသည့်လမ်း နောင်းခမ်းဘွမ့် (Nawng Hkam Bum) တွင် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

“စစ်တပ်က ဒွမ်ဘုန်းချောင်းတည့်တည့် ကားမိုင်းဘက်ကို သွားတယ်လို့သိရတယ်။ လဝါးကျေးရွာကနေ ဖားကန့်ဘက် အထွက်မှာရှိတဲ့ မဂေါင်းကထောင် ကျေးရွာအနီးမှာ KIA က လမ်းမှာစောင့်ပြီး မိုင်းခွဲ တိုက်ခိုက်ခဲ့တယ်။ နောက်မှ အဲ့နေရာမှာဘဲ အပြန်အလှန် ခန ပစ်ခတ်ကြတယ်လိုပြောတယ်” ဟု ပြောဆိုသည်။

KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သည့် ထိုနေရာတွင်၂ ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်ဘက် ၆ ဦးထက်နည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူသားဒိုင်းအဖြစ်ခေါ်ဆောင်ခံရသော အမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရှိသွားကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်ခံရသော အမျိုးသား ၂ ဦးကို ယနေ့နံနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ပြီး၊ စစ်ကောင်စီတပ်များကလည်း မဂေါင်ကထောင်ကျေးရွာ စာသင်ကျောင်းတွင် တပ်ချကာ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button