လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဝိုင်းမော် စစ်ကောင်စီတပ် ညစဉ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာ ၃ ခု စစ်ရှောင်နေရ

ဝိုင်းမော် ခလရ ၅၈ တပ်ရင်းမှ ညစဉ် လက်နက်ကြီးပစ်ခတ်နေသောကြောင့် အနီးတစ်ဝိုက်ရှိ ကျေးရွာ ၃ ခုသည် ဝိုင်းမော်မြို့တွင်းသို့ စစ်ရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မဒိန်၊ တန်ဘောင် နှင့် လဘန် စသောကျေးရွာများတွင် စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကြောင့် လူနေအိမ် ၆ လုံးထက်မနည်း ကျည်ထိမှန်ကာ ပျက်စီးသွားပြီး အိမ်မွေးတိရိစ္ဆာန်များလည်း သေဆုံးမှု ရှိခဲ့သည်။

“ညဆို အိပ်ဖို့မပြောနဲ့ ကြောက်ပြီးမှဘဲ နေရတယ်။ ရွာမှာ လက်နက်ကြီးကျတော့ ကြောက်လန့်ပြီးမှ ဘဲနေရတယ်။ လက်နက်ကြီး လက်နက်ငယ်အသံက ညတိုင်းလိုလိုကြားရတယ်။ အဲ့ဒီလက်နက်ကြီးတွေက လူနေအိမ်နဲ့ လမ်းမကြီးပေါ်တွေမှာ ကျတယ်။ ဘယ်လိုမှ ဆက်မနေနိုင်တော့ဘူး။ အဲ့ကြောင့် မနေ့က မနက်ပိုင်း ဝိုင်းမော်မြို့ဘက်ကို ကိုယ်လွတ်ရာ ထွက်ပြေးခဲ့ကြတယ်။ အခုက ကိုယ်နဲ့ နီးစပ်တဲ့နေရာတွေမှာ ရတဲ့နည်းနဲ့ တိမ်းရှောင်နေကြတယ်ပေါ့လေ” ဟု လဘန်ဒေသခံတစ်ဦးက KNG ကို ပြောဆိုသည်။

ဝိုင်းမော်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် လဘန်ကျေးရွာ ဒေသခံပြည်သူများအနေဖြင့် မည်သည့်အချိန်မှ ရွာသို့ ပြန်လာရမည်ကို သေချာမသိသေးသည့်အပြင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ကျေးရွာ ပျက်စီးသွားမည်ကို စိုးရိမ်ကြောင်း ပြောဆိုသည်။

“အခုဆို ရွာမှာ ဘယ်သူမှ မရှိတော့ဘူး။ စစ်တပ်က ညတိုင်းပစ်ခတ်နေတော့ ဘယ်မှလည်း မနေရဲကြတော့ဘူး။ ဒီမနက်ပြန်လာတဲ့ အချိန်ဆို တစ်ရွာလုံး ခြောက်ကပ်သွားပြီး။ တစ်ချို့အိမ်တွေဆို လက်နက်ကြီးတွေ ထိမှန်ထားတယ်။ နောက်ထပ် လူနေအိမ်တွေပါ မီးရှို့ဖျက်ဆီးပေးလိုက်မှာအရမ်းကြောက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့က ဘယ်အချိန်ထိ ထွက်ပြေးနေရမှန်းမသိဘူး။ စစ်တပ်က ဆက်ပစ်နေသရွေ့က ပြန်လာလို့ရမှာမဟုတ်ဘူး” လဘန်ဒေသခံတစ်ဦးက ဆက်ပြောသည်။

အဆိုပါကျေးရွာများမှ စစ်ရှောင်ပြည်သူများသည် လက်ရှိ ဝိုင်းမော် ဘာသာရေးကျောင်းများနှင့် အသိဆွေမျိုးအိမ်များတွင်သာ ခိုလှုံနေကြရကြောင်း ပြောသည်။

ခလရ ၅၈ တပ်ရင်းမှ ပြည်သူများနေထိုင်သည့် လူနေအိမ်ရပ်ကွက်ဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေမှုကို ရပ်တန့်ပေးရန် ကျေးရွာ ရာအိမ်မှူး အုပ်ချုပ်ရေးအဖွဲ့တို့က ခလရ ၅၈ တပ်ရင်းအတွင်းသို့ သွားရောက် တောင်းဆိုမှုပြုလုပ်ခဲ့သော်လည်း ဆက်လက်ပစ်ခတ်နေဆဲဖြစ်သည်။

ထိုသို့ စစ်ကောင်စီ၏ ပစ်ခတ်မှုမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က လာရောက်တိုက်ခိုက်ခြင်းကြောင့် မဟုတ်ဘဲ တစ်ဖက်သတ် ကြောက်ရွံ့ကာ ရမ်းသမ်းပစ်ခတ်နေခြင်းသာဖြစ်ကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

Show More

Related Articles

Back to top button