စစ်ပွဲကြောင့် ကောင်းလုံနဲ့ နမ်ဟာ ဒေသခံ ၆၀၀ ကျော် မုံးကိုးမြို့သို့ ထွက်ပြေးလာ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်၊ ကောင်းလုံ ကျေးရွာအုပ်စု၊ နမ်ဟာရွာဘက်တွင် စစ်ကောင်စီနဲ့ MNDAA တပ်တို့ကြား ယနေ့ နံနက်ပိုင်းက စတင်ပြီး တိုက်ပွဲ ပြင်းထန်လာတာကြောင့် နမ်ဟာ နဲ့ ကောင်းလုံဒေသခံ ၆၀၀ ကျော် မုံးကိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
“ဘယ်နှယောက်သေတာ ဘယ်လောက် ပျက်စီးတာက အတိအကျ မသိရသေးဘူး။ အဲလောက်ပဲ မြင်ခဲ့တာ။ မြန်မြန် ပြေးလာခဲ့လို့။ ရွာမှာ အလောင်းတွေတောင် ဘာမှ မလုပ်ရသေးဘူး။ ပြန်ပြီး သွားရှင်း ရအုံးမှာ။ အခြေအနေကြည့်ပြီး ငြိမ်ရင်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ထွက်ပြေးလာသော ကောင်းလုံ ကျေးရွာသားအများစုမှာ မုံးကိုး ကချင်ဘုရားကျောင်းဝင်းတွင် ခိုလှုံနေကြပြီး၊ နမ့်ဟာ ဒေသခံများမှာ မုံးကိုးရှိ ဆွေမျိုး အသိအိမ်များနှင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြကြောင်း သိရသည်။
ယနေ့ နံနက်တိုက်ပွဲဖြစ်ပွားခဲ့သောနေရာမှာ ကောင်းလုံရွာနဲ့ နမ်ဟာရွာ အနီးတွင်ဖြစ်ပြီး မုံးကိုးမြို့မှ ၅ မိုင်ခန့်သာ ကွာဝေးသည်။
“လမ်းလျှောက်ဆင်းလာတာ ၂ နရီ လောက် ကြာတယ်။ တချို့က ဆိုင်ကယ်နဲ့ လာခဲ့ကြတယ်။ ကြောက်လန့်တကြား လောလော နဲ့ ဘာမှ မပါလာဘူး။ အစားအသောက်နဲ့ စောင်တွေ လိုမယ်ထင်တယ်။ အခြေအနေ မသိရသေးတော့ ဘာမှ မသိသေးဘူး။ လူဦးရေ က အတိအကျ မသိသေးဘူး။ ခုမှ လုပ်နေတုန်း” ဟု လက်ရှိ စစ်ရှောင်များကို စီမံခန့်ခွဲနေသူက တစ်ဦးက ပြောပါသည်။
ယနေ့ နံနက်အစောပိုင်းက စစ်ကောင်စီနှင့် ကိုးကန့် MNDAA တပ်တို့ကြား တိုက်ပွဲကြောင့် နမ့်ဟာရွာ အိမ်တစ်အိမ်တွင် လက်နက် ကြီးကျည်ကရောက်ပြီး မိသားစု ဝင် ၄ ဦး သေဆုံးခဲ့သည်။
၎င်းတို့မှာ အသက် ၃၂ နှစ်အရွယ် အိုက်အူး၊ အသက် ၁၀ နှစ် မောင်အောင်ခိုင် ၊ ၆၃ နှစ်အရွယ် ဒေါ် အီမောန်း နှင့် ၈၂ နှစ်အရွယ် ဒေါ်အီမိုး တို့ဖြစ်သည်။
လက်ရှိ ထွက်ပြေးနေရသော ကောင်းလုံကျေးရွာတွင် အိမ်ခြေ ၂၇ အိမ်ရှိပြီး လူဦးရေ ၆၀ ကျော်ရှိသည်။ နမ့်ဟာကျေးရွာမှာ အိမ်ခြေ ၁၀၃ အိမ် ရှိပြီး လူဦးရေ ၅၅၈ ဦးရှိသည်။ မုံးကိုးမြို့သို့ ခြေလျှင်ဖြင့် ထွက်ပြေးလာရသောကြောင့် လမ်းမလျှောက်နိုင်သော အသက်ကြီးပိုင်းအချို့ ကျေးရွာတွင် ကျန်ခဲ့သည်ဟု ဆိုသည်။
ဇူလိုင် လဆန်း ကတည်းက မုံးကိုး ဒေသတွင် စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့သောကြောင့် ထောင်းဆိုင်၊ မန့်ယန်၊ ဘန်မွေ စသည့် ဒေသခံ ၁၉၀ ကျော် တရုတ်နယ်စပ်လောက်တဲန့်ဘက်တွင် စစ်ရှောင်နေရဆဲ ဖြစ်သည်။
Bum Shep