သတင်း

တရုန် ရောက် စစ်ကောင်စီတပ်ကို ပစ်ခတ်ခြင်းမပြုရန် KIA ထံ ဒေသခံများမှတဆင့် အကြောင်းကြားခိုင်း

တနိုင်း ရှင်ဗွေယန်လမ်းမပေါ် တရုန်ကျေးရွာတွင် ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ကို လာရောက်ပစ်ခတ် တိုက်ခိုက်ခြင်းမပြုရန် စစ်ကောင်စီက ဒေသခံများမှတဆင့် KIA နှင့် PDF ထံသို့ ခြိမ်းခြောက်ကာ အကြောင်းကြားစာပို့ခိုင်းထားသည်ဟု သိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ တရုန်းကျေးရွာရှိ ဘာသာရေးပေါင်းစုံမှ တာဝန်ရှိသူများနှင့် ကျေးရွာ ရပ်မိရပ်ဖများကို အာဏာသိမ်းစစ်တပ်က အစည်းအဝေးခေါ်ယူကာ KIA နှင့် PDF အဖွဲ့ကို လာရောက်တိုက်ခိုက်ခြင်းမပြုရန် အကြောင်းကြားပေးရန်နှင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်လာပါက ကျေးရွာမီးရှို့လိုက်မည်ဟု ခြိမ်းခြောက်ထားကြောင်း တရုန်ဒေသခံတစ်ဦးက KNG သတင်းဌာန ကို ပြောဆိုခဲ့သည်။

“စစ်တပ်က ရပ်မိရပ်ဖများကို မနက်ပိုင်း ၁၀ နာရီလောက်မှာ အစည်းအဝေးခေါ်လုပ်တယ်။ တောက KIA နဲ့ PDF ကို မပစ်ဖို့ ပြောခိုင်းတယ်။ တကယ်လို့ အန္တရယ်ပြုလာရင်တော့ သူတို့ဘက်က ပြန်ပစ်မယ်လို့ပြောတယ်။ နောက်ပြီး လူနေအိမ်တွေပါ ရွာလုံးကျွတ် မီးရှို့ပေးလိုက်မယ်လို့ ပြောတယ်” ဟု ပြောဆိုသည်။

ထို့နောက် အစည်းအဝေးတွင် ပါဝင်ခဲ့သော ဘာသာရေးပေါင်းစုံမှ တာဝန်ရှိများနှင့် ရပ်မိရပ်ဖများက ပစ်ခတ်မှုများရပ်တန့်ပေးရန် KIA နှင့် PDF အဖွဲ့ထံ စက်တင်ဘာလ ၁၂ရက်နေ့ အကြောင်းကြားစာပို့ခဲ့ကြောင်း သူက ဆက်ပြောသည်။

လက်ရှိတရုန်ကျေးရွာတွင် စစ်ကောင်စီ အင်အား ၁၀၀ ကျော်ခန့် ဘုန်းကြီးကျောင်းနှင့် တရုန်ချောင်း တံတားပေါ်တွင် တပ်စွဲထားပြီး ၎င်းတို့မှာ ကျေးရွာအဝင်အထွက်နေရာများတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။

စစ်ကောင်စီသည် တရုန်ကျေးရွာတွင် စစ်အင်အား ထပ်မံတိုးမြင့်ထားပြီး စစ်တပ်ဂိတ်များ ပြန်လည်ထားရှိရန် ပြင်ဆင်နေသည်ဟု နောက်ထပ် ဒေသခံတစ်ဦးက ယခုလို ပြောဆိုသည်။

“အရင်က စစ်တပ်ဂိတ်က တရုန်ချောင်းတံတားပေါ်မှာရှိတာ ဟုတ်တယ်။ အဲဒါကို ဩဂုတ်လ အတွင်းမှာဘဲ KIA က မီးရှို့ဖျက်ဆီး လိုက်ပေးလိုက်တာ ဟုတ်တယ်။ အခုတရုန်မှာက စစ်တပ်ရဲ့ တပ်စခန်းမရှိဘူး။ အဲ့ကြောင့် ဘုန်းကြီးကျောင်းအတွင်းမှာနေကြတယ်။ အခုသူတို့က တပ်စခန်း စစ်တပ်ဂိတ်တွေ ပြန်လုပ်ဖို့ စီစဉ်နေကြတယ်။ စစ်အင်အားလည်း ပြန်တိုးချဲ့ထားတယ်” ဟု ပြောဆိုသည်။

တရုန်ကျေးရွာအတွင်း လက်ရှိတပ်စွဲနေထိုင်သည့် အာဏာသိမ်းစစ်တပ်မှာ စက်တင်ဘာလ ၇ရက်နေ့က တနိုင်းဘက်မှ တရုန်ကျေးရွာဘက်သို့ ဦးတည်ကာ တက်လာသည့်အဖွဲ့ဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် တရုန်ကျေးရွာသို့ ရောက်ရှိခဲ့သည်။

တနိုင်းမှ တရုန်အထိရောက်ရန် လမ်းတစ်လျှောက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button