တနိုင်းဘက်သို့ ဦးတည်ကာ စစ်အင်အားတိုးချဲ့လာသော အာဏာသိမ်း စစ်ကောင်စီတပ်ကို လဝါးကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့နံနက် ၇နာရီဝန်းကျင်ခန့်က မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ပါသောအဖွဲ့ ဒွမ်ဘုန်းကျေးရွာဘက်မှ ခြေကျင်ဖြင့် တက်လာခဲ့ရာ လဝါးကျေးရွာ မရောက်မှီ ရာဘာခြံအနီးတွင် KIA တပ်ရင်း ၂၀ က စောင့်ကြိုကာ စတင်မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု လဝါးဒေသခံတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုခဲ့သည်။
“စစ်ကောင်စီဘက်က စစ်အင်အား ၁၀၀ လောက်ရှိတဲ့အဖွဲ့ကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်။ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးမှ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပြီး တိုက်ခိုက်ကြတော့။ တိုက်ပွဲဖြစ်တဲ့အချိန်က နာရီဝက်လောက်ဘဲကြာတယ်။ ၂ဖက်တပ်ထိခိုက်မှုအခြေအနေက မသိရသေးဘူး” ဟု ပြောဆိုသည်။
တိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်းစစ်တပ်သည် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ လမ်းမကြီးရှိသည့်ဘက်တွင် ပြန်လည်နောက်ဆုတ်သွားကြောင်း သိရသည်။
ယနေ့ နံနက် KIA က မိုင်းခွဲတိုက်ခိုက်သည့် အာဏာသိမ်းစစ်တပ်အဖွဲ့မှာ စစ်တင်ဘာလ ၂၃ရက်နေ့ မိုးကောင်းမြို့ဘက်မှ တက်လာခဲ့စဉ် KIA က မရန်ကထောင်နှင့် မကောက်ဇွပ်ကျေးရွာအနီးတွင် ပထမအကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့သောအဖွဲ့ဖြစ်သည်။
ထိုသို့ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် မကောက်ဇွပ်အနီးတဝိုက်တွင် ၁ ရက်အကြာ ပုန်းခိုခဲ့ပြီးနောက် ယနေ့နံနက် တနိုင်းဘက်သို့ ပြန်လည် ချီတက်လာစဉ် လဝါးကျေးရွာအနီးတွင် KIA က ဒုတိယအကြိမ် ပြန်လည် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။