မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မချမ်းဘောမြို့နယ်တွင် ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် ဒေသခံများ၏ မြေယာများ ပျက်ဆီးလာနေ

ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ ရှင်မွေယန်အုပ်စု ရှိန်ဂိုင်ယန်ကျေးရွာတွင် စစ်ကောင်စီက ခွင့်ပြုထားသော ရွှေတွင်းများကြောင့် ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်နေသော လယ်ယာမြေများ ထိခိုက်ပျက်စီးမှုများ နေကြောင်းသိရသည်။

ပြီးခဲ့သော ဩဂုတ်လနောက်ပိုင်းမှစတင်ကာပူတာအိုမြို့ အခြေစိုက်ထားသည့် (၄၆) တပ်ရင်းအဖွဲ့မှခွင့်ပြုပေးထားသော ရွှေတူးဖော်ရေးလုပ်ငန်းကြောင့် ကျေးရွာဒေသခံများ၏ မြေဧက ၅၀ ကျော်ခန့် ထိခိုက်ပျက်စီးသွားပြီ ဖြစ်ကြောင်း ရှိန်ဂိုင်ယန် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကျနော်တို့က ရွှေမတူးပါနဲ့ သွားပြောခွင့်မရှိဘူး။ သွားပြောရင်လည်း အထက်က အကြီးအကဲတွေ ခွင့်ပြုထားတယ်လို့ဘဲ ပြောလာတယ်။ အဲ့မှာလုပ်နေတဲ့ လုပ်ငန်းရှင်တွေက ဗျူဟာမှူးအထိ အခွန်ဆောင်ထားတယ်လို့ ပြောကြတယ်။ အခုလုပ်နေတဲ့ လုပ်ငန်းရှင်တွေက စစ်ယန္တရားအကြီးတွေနဲ့ဘဲ လုပ်ကြတယ်။ အခုဆိုဒေသခံတွေရဲ့ ဆုံးရှုံးမှုတွေက အရမ်းများသွားပြီး။ စိုက်ပျိုးမြေတွေဘဲ ဆုံးရှုံးသွားတာ ဧက ၅၀ ကျော်လောက်ရှိမယ်။ ဒါတောင်ခန့်မှန်းခြေဘဲရှိတယ်” ဟု ပြောဆိုသည်။

လက်ရှိ စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ရွှေတူးဖော်နေသည့် နေရာမှာ ရှိန်ဂိုင်ယန်နှင့် ၁မိုင်ခန့်ဝေးသော ခီခချောင်း (Hki Hka) တစ်လျှောက်တွင်ဖြစ်ပြီး စက်ယန္တရားကြီး ၅ ခု နှင့် အလတ်စား ၂၀ ခုခန့်ဖြင့် တူးဖော်နေသည်ဟု သိရသည်။

ရှိန်ဂိုင်ကျေးရွာတွင် ရွှေတူးဖော်ရန်ကိစ္စနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများဖြင့် တိုင်ပင်ခြင်းမရှိခဲ့သလို ယခုတဖန် ဒေသခံပြည်သူများ၏ ဆုံးရှုံးနစ်နာမှုများအတွက်လည်း လျော်ကြေးပေးဆောင်ခြင်း မရှိကြောင်း သူက ဆက်လက်ပြောဆိုသည်။

“သူတို့အနေနဲ့ ရွှေတူးဖို့ရန်လည်း ကျနော်တို့ ဒေသခံတွေနဲ့ တစ်စုံတစ်ရာ ပြောဆိုတာတွေ၊ ဆွေးနွေးတာတွေမရှိဘူး။ ပြီးရင် ပျက်စီးသွားတဲ့ မြေနေရာအတွက်လည်း တစ်ပြားမှ ပြန်ပေးတာဆိုတာလည်းမရှိဘူး။ သူတို့ ဒီမှာလုပ်နေတဲ့ ပုံစံက ဒေသခံတွေနဲ့ မဆိုင်တဲ့ပုံစံနဲ့လုပ်နေကြတယ်။ အာဏာပိုင်တွေနဲ့ ညှိနှိုင်းလို့ရရင် ပြီးတဲ့သဘော။ ဒေသဖွံ့ဖြိုးရေးအတွက်လည်း မရှိဘူး။ ဒါကြောင့် ဒီလိုဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်တဲ့သူတွေ ဖြေရှင်းပေးစေချင်တယ်” ဟု ပြောဆိုသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ပူတာအိုမြို့နယ်နှင့် မချမ်းဘောမြို့နယ် စသော နေရာ ၂ ခုတွင် ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်မှုများ ပွင့်လင်းမြင်သာမှုရှိလာပြီး ယခင်ကထက် ရွှေလုပ်ငန်းလုပ်ကိုင်သူများ အလွန်များပြားလာကြောင်း နောက်ထပ် ပူတာအိုဒေသခံတစ်ဦးက ယခုလိုပြောဆိုထားသည်။

“ပူတာအိုဒေသမှာ ရွှေလုပ်ငန်းလုပ်ကိုင်လာတဲ့ နေရာအရမ်းများလာတယ်။ ဒီစစ်တပ်က အာဏာသိမ်းတဲ့ နောက်ပိုင်း သိသိသာသာ ကိုများလာတယ်။ အခုချိန်မှာ လုပ်နေတဲ့ ဘယ်နေရာမှာမဆို စစ်တပ်နဲ့ ညှိနှိုင်းပြီး လုပ်နေတဲ့သူတွေကြီးဘဲ။ ဒီဒေသမှာရှိတဲ့ မလိခမြစ်ရိုးတစ်လျှောက် လုပ်နေကြတယ်။ ကုန်းဆိုင်းသမား၊ ရေငုတ်ကျင်း ဆိုပြီး အပြိုင်အဆိုင်လုပ်စားနေကြတယ်။ ဘယ်လိုအချက်တွေနဲ့ ခွင့်ပြုထားတယ်ဆိုတာက မသိရဘူးတော့ခက်တယ်” ဟု ပြောဆိုသည်။

ပူတာအိုမြို့နယ်ရှိ လန်းဒေါင်အုပ်စု (Lang Dau)၊ လုံရှာယန်အုပ်စု(Lung Sha Yang)၊ ဆွမ်ပီယန်အုပ်စု (Sum Pyi Yang)နှင့် မချမ်းဘောမြို့နယ်တွင် ရှင်မွေယန်နှင့် လန်းဂါး စသောကျေးရွာအုပ်စု စသောနေရာများတွင် လက်ရှိ ရွှေလုပ်ငန်းအများဆုံး လုပ်ကိုင်နေကြကြောင်း နီးစပ်ရာဒေသခံများပြောဆိုချက်မှ သိရသည်။

ပြီးခဲ့သော အောက်တိုဘာလကလည်း ရှိန်ဂိုင်ယန်ကျေးရွာတွင် ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်နေသည့် မြေနေရာများ ပေါ်တွင် ရွှေတူးဖော်နိုင်ရန်အတွက် စစ်ကောင်စီအောက် ဌာနေပြည်သူ့စစ်အဖွဲ့က မကျူးကျော်ရ ဆိုင်းဘုတ်များ လိုက်လံစိုက်ထူခဲ့သည်။

ကချင်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် နေရာအနှံ ရွှေတူးဖော်မှုများ ပိုမိုများပြားလာကြောင်း နေရာအသီးသီးမှ ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။

Show More

Related Articles

Back to top button