လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဗန်းမော်မြို့ ဖမ်းဆီးခံရသည့် မိသားစု ၃ ဦးအနက် တစ်ဦးလွှတ်မြောက်လာ

ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်မှ ဖမ်းဆီးခံထားရသည့် မိသားစု ၃ဦးအနက် ဖခင်ဖြစ်သူတစ်ဦးသာလွှတ်မြောက်လာ‌ကြောင်း ဒေသခံများမှ သိရသည်။

“ဖမ်းသွားတာတော့ တစ်ပတ်လောက်ရှိပြီ PDFကိုထောက်ပံ့တယ်ဆိုပြီး အတင်းအဓမ္မစွပ်ဆွဲပြီး ဖမ်းသွားတာ ခုသူ့မိန်းမနဲ့ သားက မလွှတ်လာဘူး PDF ကိုထောက်ပံ့တယ်လို့တော့ ဝန်ခံထားတယ်တဲ့ သူ့အဖေတစ်ယောက်ထဲ ဒီနေ့လွှတ်လာတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသည့် ဦးမျိုးအောင်တို့ မိသားစုသည် နိုဝင်ဘာလ ၂၅ရက်နေ့ နေအိမ်တွင် စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည့် ဒေါ်ထုရာနှင့်သားဖြစ်သူ မျိုးနောင်လတ်(ခ)နောနော် ဖြစ်ပြီး စစ်ကောင်စီတပ်မှ ဗန်းမော် မြို့မရဲစခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် ပြီးခဲ့သည့် တစ်ပတ်အတွင်း ဟန်းတဲရပ်ကွက်မှ ၁ဦး၊ ခွန်သာရပ်ကွက်မှ လူငယ် ၅ဦး၊ ပေါက်ကုန်းရပ်ကွက်မှ ၃ဦး စုစုပေါင်း ဖမ်းဆီးခံရသူ ၉ ဦးရှိပြီးပြန်လွှတ်လာသူ မရှိသေးပေ။

အလားတူ စစ်ကောင်စီတပ်သည် ဗန်းမော်မြို့ထဲ ရပ်ကွက်များတွင် PDF နှင့် ဆက်သွယ်ရှိနိုင်သည်ဟု သံသယရှိသူများအား မကြာခနဆိုသလို ဖမ်းဆီးစစ်ဆေးမူများပြုလုပ်‌နေဆဲဖြစ်သည်။

Show More

Related Articles

Back to top button