သတင်း

ကချင်-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ် စတင်ဖွင့်လှစ်တော့မည်

ကချင်ပြည်နယ် မြန်မာ-တရုတ်နယ် ကုန်သွယ်ရေးဂိတ်ဖြစ်သော လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက်နှစ်ခုကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မည်ဟု သိရသည်။

အဆိုပါဂိတ် ၂ ခုကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ကျော်ကတည်းက ဖွင့်လှစ်ဖို့ စီစဥ်ခဲ့သော်လည်း တရုတ်အစိုးရဘက်က ခေတ္တဆိုင်းငံ့ထားခဲ့ပြီး ပြန်လည်ညှိနှိုင်းမှုရရှိခဲ့တာကြောင့် ဒီဇင်ဘာလ ၇ ရက်နေ့မှာ စတင်ဖွင့်လှစ်ဖို့ သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ကုန်သွယ်ရေးလမ်းကြောင်းစတင်ဖွင့်လှစ်မည့် မနက်ဖြန်မှာတော့ မြန်ဘက်က ကန်ပိုက်တည်ဂိတ်ကနေ ကုန်ကား အစီးသုံးဆယ် ဦးဆုံး စတင်စေလွတ်မယ်မှာဖြစ်ပြီး ကန်ပိုက်တည်ဂိတ်ကနေတော့ ရက်ပိုင်းအတွင်း စေလွတ်နိုင်မယ့်အခြေနေမရှိသေးကြောင်း ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းဝင်တစ်ဦးက ဆိုသည်။

”ကျွန်တော်တို့ မြန်မာဘက်ခြမ်းကတော့ အဓိကအားဖြင့် တစ်သျှူးငှက်ပျောတွေတင်ပို့မယ်။ ကျန်တဲ့စိုက်ပျိုးသီးနှံတွေတင်ပို့မှာပေါ့။ တရုတ်ဘက်ကအဝင်ကတော့ ပုံမှန်လိုပဲ အိမ်ဆောက်ပစ္စည်းတွေ၊ လူသုံးကုန်တွေ ပြီးရင်ဓာတ်မြေသြဇာပေါ့အဲ့ဒါတွေကိုသွင်းမယ်။ ပထမဦးဆုံးစေလွမယ့်နေ့မှာ ကျွန်တော်တို့ဘက်ကနေ ကုန်ကားအစီး ၃၀အရင်စေလွတ်မယ်။ ကန်ပိုက်တည်ဂိတ်ကနေတော့မလွတ်သေးဘူး ဖွင့်တာတော့ဖွင့်ပြီး။ ဒါပေမယ့်လွယ်ဂျယ်ဂိတ်လည်းမကြာပါဘူး စေလွတ်ပါမယ်။” ဟု အမည်မဖော်လိုသူ ကချင်ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းဝင်တစ်ဦးက ပြောသည်။

ပထမဦးဆုံးစေလွတ်မယ့် ကုန်ကားအစီး ၃၀ တွင် တစ်သျှူးငှက်ပျောကားအများဆုံးဖြစ်ပြီး နှစ်နိုင်ငံကားသမားများနှင့် ယာဥ်မောင်းတွေကို ကျန်းမာရေးစိစစ်မှုအဆင့်ဆင့်ပြုလုပ်ပြီးမှသာ ဝင်ရောက်ခွင့်ပေးမှာဖြစ်ကြောင်း သိရသည်။

”ကျန်းမာရေးစစ်ဆေးဖို့ကျတော့ ဒီဘက်ခြမ်းဆိုရင် ဝါးရှောင်မှာစစ်ဆေးပေးဖို့စီစဥ်ထားတယ်။ ”ဟု ကချင်ပြည်နယ် သီးနှံစိုက်ပျိူးထုတ်လုပ်သူများအသင်းဝင်တစ်ဦးက ပြောသည်။

ကန်ပိုက်တည်နှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်ထားတာဟာ ငါးလကြာမြင့်နေပြီဖြစ်သောကြောင့် တရုတ် သွင်းကုန်ပစ္စည်းများကိုသာအားထားပြီး စီးပွားရေးလုပ်ကိုင်သူများအတွက် အခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရသည်။

”ဒီကုန်သွယ်ရေးလမ်းကြီးမြန်မြန်ဖွင့်နိုင်မှဖြစ်မှာပါ။ မဖွင့်နိုင်သေးသ၍ကတော့ ကျွန်တော်တို့လည်းပိုပြီး ခက်ခဲရုံပဲရှိတယ်။ ကျွန်တော်တို့ဆိုဒ်မှာဆိုရင် ကျင်စားရှိတယ် ငှက်ပျောဆေးတဲ့လူတွေရှိတယ်။ အခုလိုလမ်းပိတ်လိုက်တော့သူတို့တွေလည်းဘာဝင်ငွေမှမရှိဘူး။ အခုလိုဂိတ်ပြန်ဖွင့်မယ်ဆိုရင်တော့ စားဝတ်နေရေးအစစ အရာရာအဆင်ပြေလာမှာ” ဟု ဝိုင်းမော်မြို့နယ်က တစ်သျှူးငှက်ပျောလုပ်သားတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်မှာ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဝင်ပေါက်သုံးခုရှိပြီး အဲ့ဒီသုံးခုထဲက ယခုတအကြိမ်ဖွင့်လှစ်တဲ့အထဲမှာ ကန်ပိုက်တည် နှင့် လွယ်ဂျယ်ဂိတ်နှစ်ခုသာပါဝင်ပြီး ပန်ဝါဂိတ်ကိုတော့ လတ်တလောဖွင့်မည်မဟုတ်ကြောင်း သိရသည်။

ကန်ပိုက်တည်၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ကိုဗစ်-၁၉ ကြောင့် တရုတ်အစိုးရဘက်က ဇူလိုင်လ ၁၁ ရက်နေ့ကစတင် ပိတ်ထားခဲ့တာဖြစ်ပါတယ်။

Show More

Related Articles

Back to top button