သတင်း

ဒေါက်တာ M Kawn La ကို ပထမအကြိမ် ရုံးထုတ်

ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဌ ဒေါက်တာM Kawn La ကို ၄ လခန့်အကြာ ဖမ်းဆီးချုပ်နှောင်ထားရာမှ ယနေ့ နေပြည်တော် ဇဗ္မူသီရိမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

သို့သော် ယနေ့ ရုံးထုတ်ခဲ့သော်လည်း အမှုစစ်ဆေးခြင်း မပြုဘဲ စွပ်စွဲခံရသူဘက် သက်သေ ၃ ဦး တင်သွင်းပေးရန် ပြောဆိုခဲ့သည်ဟု KNC ပါတီ၏ ပြောဆိုခွင့် တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ဒီနေ့က ပထမဆုံး ရုံးထုတ်တယ်ပေါ့လေ။ ရုံးထုတ်ခဲ့ပေမယ့်လည်း အမှုစစ်ဆေးတဲ့အဆင့် မရောက်သေးဘူး။ အခုမှ အမှုစစ်ဆေးဖို့ တရားခံဘက်က သက်သေတွေကို တင်သွင်းခိုင်းတယ်။ ကျန်တာထူးခြားမှု မရှိသေးဘူး” ဟု ပြောဆိုသည်။

လာမယ့် ၂၀၂၂ ဇန်နဝါရီလ ၆ ရက်နေ့တွင် ဒုတိယအကြိမ် ရုံးချိန်းအဖြစ်သတ်မှတ်ထားပြီး စွပ်စွဲခံရသည့် ဘက်မှ သက်သေ ၃ဦးတင်သွင်းပြီးသည့်နောက်ပိုင်းမှသာ အမှုစတင်စစ်ဆေးသွားနိုင်ခြေရှိသည်ဟု သူက ဆက်ဆိုထားသည်။

ဒေါက်တာ M ကောန့်လသည် ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ဇဗ္မူသီရိမြို့နယ် ရဲစခန်းတွင် ၂ပတ်ခန့်အကြာ ချုပ်နှောင်ခံရပြီးနောက် အကျဥ်ထောင်သို့ ပြည်လည်ပို့လိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီဘက်က ဒေါက်တာကောန့်လ ကို ၅၀၅(က) ပုဒ်မဖြင့် တရားစွဲဆိုထားသော်လည်း မည်သည့်အကြောင်းရင်းကြောင့် ဖမ်းဆီးတရားစွဲဆိုထားသည်ကို မသိရသေးကြောင်း KNC ပါတီဘက်မှ သိရသည်။

KNC ပါတီသည် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားသော ရွေးကောက်ပွဲကော်မရှင်အစည်းအဝေးများတွင် ​တက်ရောက်ပါဝင်ခြင်းမရှိသည့် ပါတီတစ်ခုဖြစ်သည့်အပြင် ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M ကောန့်လသည် ကချင်ပြည်နယ်ဆိုင်ရာ မူဝါဒများကိုရေးဆွဲရန်အတွက် Kachin People’s Political Front – KPPF ကို ဦးဆောင်ဖွဲ့စည်းမှုတွင်လည်း ပါဝင်ခဲ့သည်။

ထို့အပြင် ဒေါက်တာ ကောန့်လသည် ပထဝီဝင်နိုင်ငံရေးနှင့် လက်ရှိနိုင်ငံရေးအခြေအနေများကို သူ၏ လူမှုစာမျက်နှာတွင် ပုံမှန် သုံးသပ်ရေးသားနေသူတစ်ဦးလည်း ဖြစ်သည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ကချင်တိုင်းရင်းသားပါတီများမှ ပထမဆုံး ဖမ်းဆီးခံရသူတစ်ဦးလည်း ဖြစ်ပါသည်။

Show More

Related Articles

Back to top button