တိုက်ပွဲသတင်း

ပူတာအိုလမ်းမပေါ်တွင် စစ်ကောင်စီယာဉ်တန်းကို KIA တိုက်ခိုက်

ကချင်ပြည်နယ်၊ ဆွမ့်ပရာဘွမ့်မြို့နယ်တွင် ပူတာအိုဘက်သို့ဦးတည်ကာ တက်လာသည့် အာဏာသိမ်းစစ်ကောင်စီ စစ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ယမန်နေ့ ည ၁၂ နာရီဝန်းကျင်ခန့်တွင် တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ် အင်အား ၃၀ ခန့်အပါအဝင် စစ်ကား ၂စီးဖြင့် တက်လာခဲ့ရာ အင်ဆိုင်းယန်ကျေးရွာအနီးတွင် KIA တပ်မဟာ (၁)လက်အောက်ရှိ တပ်ရင်း (၇)အဖွဲ့က တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုအများအပြား ရှိနိုင်သည်ဟု လုံခြုံအရေးရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

“တိုက်ပွဲဖြစ်တဲ့အချိန်က ၁၂နာရီနဲ့ ၁နာရီကြားမှာဖြစ်တယ်။ နာရီဝက်လောက်ပေါ့။ စစ်ကောင်စီတပ်သားတွေတက်လာမှာကို KIA က ကြိုသိလို့ ကြားဖြတ်တိုက်ခိုက်တယ်လို့သိရတယ်။ ပြီးရင် စစ်သားတွေဘက်က ထိခိုက်မှုလည်းရှိတယ်လို့ သိရတယ်။ အတိအကျတော့ မသိရဘူး။ စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့တာဖြစ်နိုင်သလို စစ်ရေးလှုပ်ရှားသွားတာဖြစ်နိုင်တယ်” ဟု ပြောဆိုသည်။

KIA က တိုက်ခိုက်မှုကြောင့် ထို နေရာတွင် ၂ဖက်တပ်အပြန်အလှန် နာရီဝက်ခန့်အကြာ ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ စစ်သားများတစ်ချို့မှာ ပူတာအိုဘက်သို့ ထွက်ခွာသွားခဲ့ပြီး တစ်ချို့မှာ ဆွမ့်ပရာဘွမ့်ဘက်သို့ ပြန်လည်နောက်ဆုတ်သွားခဲ့ကြောင်းသိရသည်ဟု သူကဆက်ဆိုထားသည်။

ယမန်နေ့ ညသန်ခေါင်အချိန်တွင် စစ်ကောင်စီတပ်နှင့် KIA တို့တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် အနီးတဝိုက်တွင်ရှိသော ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့များက ရိုက်နက်ခြိမ်းခြောက် လာမည်ကို ဒေသခံတစ်ချို့က စိုးရိမ်ထိပ်လန့်နေကြကြောင်း ဆက်လက်သိရပါသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဒေသတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ကို KIA တပ်ဖွဲ့က မကြခဏ ကြားဖြတ် ဝင်ရောက်တိုက်ခိုက်နေသော နေရာဖြစ်သည်။

Show More

Related Articles

Back to top button