ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်နေတဲ့တပ်ဖွဲ့တွေ အရပ်သားပြည်သူကို ဂရုစိုက်ဖို့ KIO ဥက္ကဋ္ဌ တိုက်တွန်း

စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်သူတွေအနေနဲ့ ပြည်သူလူထုနဲ့သက်ဆိုင်တဲ့နေရာတွေကို ဖောက်ခွဲဖျက်ဆီးမှုမျိုးမဖြစ်အောင် သတိပြုကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ တိုက်ခိုက်ပြောဆိုထားပါတယ်။

“စစ်အာဏာရှင်ကို ရင်ဆိုင်တိုက်ခိုက်နေတဲ့အဖွဲ့တွေကို တိုက်တွန်းချင်ပါတယ်။ လူထုနဲပတ်သက်တဲ့ နေရာတွေ၊ စာသင်ကျောင်း၊ ဆေးရုံ နဲ့ အခြား ၏ စစ်တပ်နဲ့ တိုက်ရိုက်မသက်ဆိုင်သူတွေကို ရန်ရှာ၊ ခြိမ်းခြောက်မှုတွေနဲ့အတူ ဖောက်ခွဲဖျက်ဆီးမှုများမဖြစ်အောင် သတိပြုကြပါ။ တော်လှန်ရေးလုပ်နေတဲ့သူတွေကို ကမ္ဘာက အရေးယူဖို့ လုပ်ဆောင်တာမျိုးမဖြစ်လာဖို့ တရားမျှတစွာလုပ်ကြဖို့ တိုက်တွန်းထားလိုပါတယ်” လို့ ယနေ့ ၂၀၂၂ ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးမှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ မိန့်ခွန်းပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ဖားကန့် လုံးခင်း မော်စီစာ  စာသင်ကျောင်းအဝင်ဝမှာ ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းဆရာမများနဲ့ ကျောင်းသားများ ဒဏ်ရာ ရရှိခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို အနီးကပ်စောင့်ကြည့်ပေးဖို့ KIO ဘက်က နိုဝင်ဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ အမိန့်ညွန်ကြားစာ တစ်ခုထုတ်ပြန်ခဲ့တာလည်းရှိပါတယ်။

အဲဒီညွန်ကြားစာထဲမှာ အခုလို ကြားကာလမှာ ကချင်ဒေသအတွင်း စစ်ရေးနဲ့ပတ်သက်တဲ့တာဝန်တွေကို KIO က တာဝန်ယူမည်လို့ CRPH နဲ့ ဆွေးနွေးထားတဲ့အတိုင်း ကချင်ဒေသအတွင်း ပေါက်ကွဲမှုတွေနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေဟာ KIO ရဲ့ တာဝန်ဖြစ်တာကြောင့် ဒေသတွင်း PDF တွေကို အနီးကပ်စောင့်ကြည့်ဖို့ အကြောင်း ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း မိုးမောက် စာသင်ကျောင်းမှာ ဗုံးပေါက်ကွဲပြီး ကျောင်းဆောင် ပျက်ဆီးသွားတဲ့အထိ ဖြစ်စဉ် ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ်လုံးမှာ ပြည်တွင်းပြည်ပ ရှိ ပြည်သူတွေဟာ ကိုယ်တတ်နိုင်တဲ့ဘက် တစ်ထောင့်တစ်နေရာကနေ တော်လှန်ရေးမှာ ပါဝင်နေတာကြောင့် စစ်တပ်ဟာ အခုဆိုရင် အထီးကျန်နေပြီလို့ KIO ဥက္ကဋ္ဌက ဆိုထားပါတယ်။

ပြည်သူနဲ့ KIO ဝန်ထမ်းများအနေနဲ့လည်း နှစ်သစ်မှာ စိတ်ထားမှန်မှန်နဲ့ လုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်ဆိုရင် ဒီနှစ်ဟာ အားလုံးအတွက် အောင်မြင်မှုရနိုင်မယ့် နှစ်ဖြစ်လာမယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောပါတယ်။

Show More

Related Articles

Back to top button